မော်လမြိုင် စက်တင်ဘာ (၆)
ကျွမ်းကျင်သူနာပြုအခက်အခဲကြောင့် မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုဇုန်နယ်မြေရှိ မော်လမြိုင် ကျောက်ကပ် သွေးသန့်စင် စင်တာအား ယခု စက်တင်ဘာလကုန်တွင် ယာယီရပ်နားထားမည်ဖြစ်ကြောင်း မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ပြောဆိုသည်။
လတ်တလော ကျောက်ကပ်ဆေးခြင်းနှင့် ပတ်သက်သည့် ကျွမ်းကျင်သူနာပြုများ ရှာမရဖြစ်နေသည့်အတွက် စင်တာအား ခေတ္တခဏ ရပ်နားရခြင်းဖြစ်ကြောင်း၊ လက်ရှိ ကျောက်ကပ်လာဆေးကြမည့် လူနာများအား စက်တင်ဘာလ (၃၀) ရက်အထိသာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းက “ကျောက်ကပ်ဆေးတာနဲ့ ပတ်သက်လို့ သူနာပြုတွေက ကဏ္ဍတစ်ခုအနေနဲ့ သွားပါတယ်။ အတွေ့အကြုံမရှိရင်လည်း ကျောက်ကပ်ဆေးတာကို လုပ်လို့မရဘူး။ အခုစင်တာမှာရှိတဲ့ သူနာပြုတွေကလည်း ထွက်ကုန်တယ်။ ပြန်အစားထိုးနိုင်မယ့် ကျွမ်းကျင်တဲ့သူနာပြုတွေကို လောလောဆယ်မှာ ရှာရခက်နေလို့ ပါ။ အကယ်၍ ကျွမ်းကျင်သူနာပြုတွေ ပြန်ရရင်တော့ စင်တာကို ပြန်လည်ဖွင့်လှစ်ပြီးတော့ လူနာတွေ ပြန်လည်လက်ခံပေးသွားမှာပါ” ဟု ပြောသည်။
ကျောက်ကပ်ဆေးခြင်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူနာပြုများအား ပြန်လည်ခန့်အပ်နိုင်ပါ စင်တာပြန်လည်ဖွင့်လှစ်မည့် နေ့ရက်အား မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်း Facebook Page မှ ပြန်လည်အသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ မော်လမြိုင် ကျောက်ကပ် သွေးသန့်စင် စင်တာအား (၂၀၁၈) ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောက်ကပ်ပျက်ဆီးသွားသည့် ကျောက်ကပ်ဝေဒနာရှင်များအား ကျောက်ကပ်ဆေးကြောသန့်စင်ပေးနေသည့် စင်တာဖြစ်ကြောင်း၊ Covid – 19 ကူးစက်ကပ်ရောဂါဖြစ်ပွားချိန်မတိုင်ခင်က လစဉ် ကျောက်ကပ် ပုံမှန် လာဆေးကြသည့် လူနာပေါင်း (၂၅) ကျော်ရှိခဲ့ကြောင်း နှင့် Covid – 19 ကူးစက်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် လစဉ် ကျောက်ကပ်ပုံမှန် လာဆေးကြသည့် လူနာ (၁၅) ဦးဝန်းကျင်ခန့်သာရှိကြောင်း သိရသည်။