သံဖြူဇရပ် စက်တင်ဘာ (၄)
သံဖြူဇရပ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ဘိန်းစာရွက်အစိုအများအပြား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အလားတူ စက်တင်ဘာလ (၃) ရက် ညနေ (၅) နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ရေး – သံဖြူဇရပ်ကားလမ်း ဝယ်ဝင်္ကရာတံတားထိပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်နေစဉ် သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် နံပါတ်မပါဆိုင်ကယ်မောင်းနှင်လာသူ ရဲတံခွန်ကျေးရွာနေ ဖိုးချစ်သဲ (ခ) ချစ်သဲနှင့် နောက်တွင်စီးနင်းလိုက်ပါလာသူ နိုင်ဝင်း ဆိုသူတို့၏ ဆိုင်ကယ်ရှေ့ဂွကြားတွင် အဖြူရောင်ဆာလာအိတ်ဖြင့် ဘိန်းစာရွက်အစို(၁)ထုပ်လျှင် (၅၀) ကျပ်သားပါ (၁၀) ထုပ်နှင့် ၎င်းတို့ (၂) ဦး ထိုင်စီးလာသည့်ကြားတွင် အဝါရောင် ဆာလာအိတ်ဖြင့်ထည့်လျှက် ဘိန်းစာရွက်အစို (၁)ထုပ်လျှင် (၅၀) ကျပ်သားပါ (၁၀)ထုပ်၊ စုစုပေါင်းကာလတန်ဖိုး (၆၅၃,၂၀၀) ကျပ် ခန့်အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
သိမ်းဆည်းရမိသော ဘိန်းစာရွက်အစိုများနှင့်ပတ်သက်၍ ၄င်းတို့နှစ်ဦးအား စစ်ဆေးရာ ရဲတံခွန်ကျေးရွာ အနီးရှိ ရော်ဘာတောထဲတွင် ကရင်အမျိုးသားတစ်ဦးထံမှ ဘိန်းစာရွက်အစို (၁) ထုပ်လျှင် (၅၀) ကျပ်သားပါ (၂၀) ထုပ်၊ ၊စုစုပေါင်းကာလတန်ဖိုး (၆၅၃,၂၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ဝယ်ဝင်္ကရာကျေးရွာ၊ ဝယ်ဝင်္ကရာတံတားထိပ်၌ ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်နေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အလား စက်တင်ဘာလ (၂) ရက် ညနေ (၄) နာရီဝန်းကျင်အချိန်ခန့်က သံဖြူဇရပ်မြို့၊ ဟံသာဝတီရပ်ကွက်၊ ဆံတော်တောင်ဘုရားလမ်းနေ နိုင်ဝင်း ဆိုသူ၏နေအိမ်တွင် မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချနေ ကြောင်း သတင်းအရ သက်ဆိုင်ရာမှ ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာမှ ဘိန်းစာရွက်အစိုများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ဝင်း ဆိုသူ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာတွင် မီးဖိုချောင်မှ ဘိန်းစာရွက်အစို (၁) ထုပ်လျှင် (၅၀) ကျပ်သားပါ (၆)ထုပ်၊ ကာလတန်ဖိုး (၁၉၅,၉၆၀) ကျပ်အားလည်းကောင်း၊ နေအိမ်နှင့်ကပ်လျှက်ရှိ ထင်းရုံအတွင်း ဖြူပြာရောင်ဆာလာအိတ်/ရောင်စုံဆာလာအိတ် (၂) လုံးဖြင့်ထည့်လျှက် ဘိန်းစာရွက်အစို (၁) ထုပ်လျှင် (၅၀) ကျပ်သားပါ (၁၉)ထုပ် ကာလတန်ဖိုး (၆၂၀,၅၄၀) ကျပ်အားလည်းကောင်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ဘိန်းစာရွက်များ နှင့်ပတ်သက်ပြီး နိုင်ဝင်း၏ ထုတ်ဖော်ပြောကြားချက်အရ သံဖြူဇရပ်မြို့နယ်၊ရဲတံခွန်ကျေးရွာအနီးရှိ ရော်ဘာတောထဲတွင် ကရင်အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ဝင်း အား သံဖြူဇရပ်မြို့မရဲစခန်းတွင် မူးယစ်/စိတ်ပြောင်း ဥပဒေများအရ အမှုဖွင့်အရေးယူထားကြောင်း၊ ဘိန်းစာရွက်အစိုများအား သုံးစွဲရောင်းချရန်အလို့ငှာလက်ဝယ်ထားရှိသူ ဖိုးချစ်သဲ (ခ) ချစ်သဲ နှင့် နိုင်ဝင်း တို့(၂)ဦးအား သံဖြူဇရပ်မြို့မရဲစခန်းတွင် မူးယစ်/စိတ်ပြောင်း ဥပဒေများအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။