ကောင်းဝါ၊ စက်တင်ဘာ (၁)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားများနေထိုင်သည့် ဒေသများတွင်လည်း မွန်တော်လှန်ရေးနေ့ အလံတင်အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြသော်လည်း ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်အတွင်း အခမ်းအနားပြုလုပ်သည့်မွန်တော်လှန်ရေးသမားများ၏အုတ်ဂူနေရာများတွင် ဦးညွတ်အလေးပြုခွင့်မရခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲသူများထံမှ စုံစမ်းချက်များအရ သိရသည်။
“ဦးမညွှတ်ရ အလေးမပြုနဲ့ အဖမ်းခံထိမယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက Facebook စာမျက်နှာတစ်ခုတွင် မှတ်ချက်ပေးထားသည်။
ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာရှိ မွန်တော်လှန်ရေးခေါင်းဆောင်များ၏အုတ်ဂူနေရာသို့ ရဲနှင့်ပြည်သူ့စစ်များ လာရောက်စောင့်ဆိုင်းခဲ့ကြောင်း တွေ့ရှိရသည်။
သို့ရာတွင် မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ မွန်အာဇာနည်ကုန်းတွင် ယမန်နေ့ (ဩဂုတ်လ (၃၁) ရက် နံနက်ပိုင်းက (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေး ဗဟိုအခမ်းအနား အား လူငယ်ဘင်ခရာစစ်ကြောင်းများ၏ ဇာတိမာန်သီချင်းများဖြင့် တက်ကြွစွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။
ထိုအခမ်းအနားတွင် အခမ်းအနားသို့တက်ရောက်လာကြသူများမှ နေရာယူခြင်း၊ မွန်တော်လှန်ရေးသမိုင်းတလျှောက် ကျဆုံးခဲ့ကြသော မွန်အာဇာနည်ခေါင်းဆောင်များအား လွမ်းသူ့ပန်းခွေချကာ အလေးပြုခြင်း၊ မွန်အမျိုးသားသီချင်းသီဆိုကာ မွန်အမျိုးသားအလံ လွှင့်တင်ခြင်း၊ မွန်ပြည်သစ်ပါတီ (NMSP) မှပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားခြင်း၊ (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကျင်းပရေးကော်မတီ မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်အား ဖတ်ကြားခြင်း၊ ငွေစာရင်းတမ်းဖတ်ကြားခြင်း နှင့် မွန်တော်လှန်ရေးအနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ခြင်း စသည့်အစီအစဉ်များဖြင့်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
“ဒီနှစ်မှာက လုံခြုံရေးအခြေအနေတွေကြောင့် အခမ်းအနားအစီအစဉ် လျော့ချရတာ ချုံလိုက်ရတာမျိုးတွေရှိခဲ့တယ်။ ဒါပေမယ့် အခမ်းအနားကိုတော့ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အလားတူ (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးအခမ်းအနားများအား မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ဗဟိုဌာနချုပ်၊ ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းစခန်း၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင် နှင့် သထုံခရိုင် ဌာနချုပ်ရုံး အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း Online ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် မွန်ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် ထိုစဉ်အခါက ဖ.ဆ.ပ.လ အစိုးရက အကြောင်းအမျိုးမျိုးပြနေသောကြောင့် (၁၉၄၈) ခုနှစ် ဩဂုတ်လ (၁၉) ရက် (ဝါခေါင်လပြည့်နေ့) တွင် မွန်လူငယ် (၂၇) ဦးမှ ဦးဆောင်ပြီး ဇာသပြင်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအစပြုခဲ့သည့်နေ့အား အစွဲပြု၍ မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။