ကောင်းဝါ၊ သြဂုတ် (၃၁)
မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အာစီယံ၊ တရုတ်နှင့် နိုင်ငံတကာတို့မှ လတ်တလောတွင် အကောင်အထည်ဖော်ဆောင်နိုင်စွမ်း မရှိခြင်း၊ ပြည်တွင်းမှာလည်း လက်နက်ကိုင်တိုက်ပွဲအရှိန်မြင့်တက်နေခြင်း၊ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ လက်ရှိနိုင်ငံရေးဆွေးနွေးပွဲသည်လည်း နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်သည့်အတွက် ငြိမ်းချမ်းရေးဖြစ်ထွန်းလာဖို့ အလားအလာနည်းပါးနေကြောင်း ယနေ့တွင်ကျရောက်သော (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ထုတ်ပြန်ချက်တွင် မွန်ပြည်သစ်ပါတီက ပြောဆိုထားသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသာ အကောင်းဆုံးဖြစ်သည်ကို ခံယူထားပြီး မွန်ပြည်သစ်ပါတီအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် မေလမှစတင်၍ စစ်အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း သက်ဆိုင်သူအားလုံး ပါဝင်မှုမရှိခြင်း၊ လွှတ်တော်ပြင်ပဆွေးနွေးပွဲမျိုးမဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများကို ဆိုင်းငံ့ထားမည်ဟု အမြင်သဘောထားရှိပါကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုးတက်သောအမျိုးသားပါတီဖြစ်သော မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားထုတရပ်လုံး၏ အင်အားကိုအခြေခံပြီး လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အမျိုးသားရေးအတွက်အကျိုးဖြစ်ထွန်းစေခြင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသော မည်သည့်အဖွဲ့အစည်း အင်အားစုကိုမဆို မိမိတို့ပါတီအနေဖြင့် ဆက်ဆံခြင်း၊ ဆက်စပ်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအချိုးအကွေ့များတွင် မွန်ပြည်သစ်ပါတီအနေဖြင့် ပါတီ၊ မွန်အမျိုးသားတပ်မတော် ခိုင်မြဲအောင်တည်ဆောက်ရေး၊ အခြေခံဒေသခိုင်မာရေး၊ ပြည်သူလူထုကာကွယ်ရေး၊ အမျိုးသားညီညွတ်ရေးနှင့် အမျိုးသားတိုက်တက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။ မွန်ပြည်သစ်ပါတီသည် အမျိုးသားဒီမိုကရေစီလမ်းစဥ်ကိုစွဲကိုင်၍ အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒတို့အား လက်နက်ကိုင်တော်လှန်တိုက်ထုတ်ပြီး အမျိုးသားလွတ်မြောက်ရေးပန်းတိုင်ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မွန်ပြည်သစ်ပါတီဗဟိုက ထုတ်ပြန်သည်။