နေပြည်တော်၊ သြဂုတ် (၃၀)
နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့် လက်ကျန်တိုင်းရင်းသား လက်နက်ကိုင် (၅) ဖွဲ့တို့ ငြိမ်းချမ်းရေး ကိစ္စရပ်များကို ယမန်နေ့ သြဂုတ် (၂၉) ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
သို့ရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် မွန်ပြည်သစ်ပါတီ NMSP တို့က အပစ်ရပ်လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင် ပါဝင်မှုကို အဆင့်လျှော့ချထားပြီး နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တစ်ဖွဲ့ချင်းစီအလိုက် လိုအပ်သလိုသီးသန့်ဆွေးနွေးသွားမည်ဟု သိရသည်။
NCA လက်မှတ်ရေးထိုးထားသည့် ALP, DKBA, KNU/KNLA- PC , LDU , PNLO တို့မှ ကိုယ်စားလှယ်များနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC တို့၏ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် NSPNC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ(UPDJC)၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သဘောတူညီခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်တွင် ပြင်ဆင်လိုသည့်ပုဒ်မများ၊ လေ့လာဆန်းစစ်ဖော်ထုတ်ပြုစုရေး အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပြဋ္ဌာန်းချက်များ (ပုဒ်မများ) အနက်မှ ပြင်ဆင်သင့်သည်ဟု သုံးသပ်ယူဆရသည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းဖော်ပြခဲ့သည်။
ထို့အပြင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကိုလည်း NSPNC နှင့် တိုင်းရင်းသားလက်နက်ကိုင် (၅) ဖွဲ့တို့ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ယနေ့ ဩဂုတ်လ (၃၀) ရက်တွင်လည်း NSPNC နှင့် အပစ်ရပ်အဖွဲ့ (၅) တို့၏ ဒုတိယနေ့ တွေ့ဆုံမှုအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။