ကောင်းဝါ- သြဂုတ် (၂၉)
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပေါ်ပေါက်လာပြီးနောက်ပိုင်း မွန်လူမျိုးရေးဆိုင်ရာ အခွင့်အရေး အနည်းငယ်ရရှိလာခြင်းဖြစ်ကြောင်း ယနေ့သြဂုတ် (၂၉) ရက်တွင် ကျရောက်သော (၅၂) နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့သို့ ပေးပို့သော မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ၏ သဝဏ်လွှာက ဖော်ပြသည်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မရှိသေးစဥ်ကာလက မွန်ခေါင်းဆောင်တို့ လူမျိုးရေးဆိုင်ရာအခွင့်အရေး သွားရောက်တောင်းဆိုခဲ့ရာတွင် “မွန်နဲ့ဗမာ အတူတူပဲ” ဆို၍ ပယ်ချခံခဲ့ရသည့်ဖြစ်စဥ်များရှိခဲ့ကြောင်း ၄င်း၏ သဝဏ်လွှာ၌ ရေးသားထားသည်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ပေါ်ပေါက်လာပြီးနောက် လူနှင့်လက်နက် အင်အား တိုးတက်ကောင်းမွန်လာပြီး တပ်ပေါင်းစုအသွင်တိုက်ပွဲအောင်မြင်မှုကြောင့် မွန်ပြည်နယ်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း နိုင်ဟံသာ၏ သဝဏ်လွှာက ဖော်ပြသည်။
ထို့ပြင် “လူမျိုးတစ်ရပ်တွင် မိမိတို့ကိုကာကွယ်စောင့်ရှောက်ပေးမည့် တပ်မတော်မရှိပါက အများတကာ၏အနိုင်ကျင့်မှုကိုခံရပြီး အလွယ်တကူကွယ်ပျောက်သွားနိုင်မည်ဆိုသည့် အသိတရားရှိထားဖို့လိုအပ်သည့်အတွက် မိမိတို့၏ အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းထားရန် လိုအပ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မရှိပါက မိမိတို့၏ ဥစ္စာပစ္စည်း၊ အမွေအနှစ်များနှင့် မိမိရေမြေတို့ကို တပါးသူလုယူသွားမှာဖြစ်သည့်အတွက် မိမိတို့၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အပေါ် အင်တိုက်အားတိုက် ဝိုင်းဝန်းအားပေးကူညီကြသလို မိမိတို့ကိုယ်တိုင်ကလည်း ပါဝင်တာဝန်ဝင်ရောက်ထမ်းဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားသည်။
မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်းဆောင်သော ပါလီမာန်ဒီမိုကရေစီပါတီ(ပြည်ချစ်တပ်ဖွဲ့) ၃ ပါတီပူးပေါင်း၍ ၁၉၇၀ ခုနှစ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု-တညလ တပ်ပေါင်းစုဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း စစ်သားအင်အားများပြားလာပြီး စစ်သင်တန်းများလည်းပို့ချနိုင်သည့်အပြင် အမြဲတမ်းတပ်ရင်း၊ ပြောက်ကျားတပ်ရင်းများပါ ဖွဲ့စည်းလာနိုင်သည့်အတွက် ၁၉၇၁ ခုနှစ် သြဂုတ် (၂၉) ရက်ကို မွန်အမျိုးသားတပ်မတော်မတော်နေ့အဖြစ် စတင်သတ်မှတ်လာခြင်းဖြစ်ကြောင်း သိရသည်။