ကြာအင်းဆိပ်ကြီး ဩဂုတ် (၂၉)
ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံနေရပြီး အများစုမှာ ပိတ်ထား၍ ရုံးလုပ်ငန်းများဆောင်ရွက်ခြင်းမရှိတော့ကြောင်း တွေ့ရှိရသည်။
သို့ရာတွင် ကျန်းမာရေးဌာနနှင့် မြို့နယ်ဆေးရုံမှာ ဆက်လက်ဖွင့်လှစ်ထားပြီး ၎င်းနေရာများကိုလည်း တိုက်ခိုက်ခံရမည်ကို ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများက စိုးရိမ်လျှက်ရှိနေကြကြောင်း မြို့ခံများ ဆိုကြသည်။
ဩဂုတ်လ (၂၇) ရက် ညပိုင်းက ကြာအင်းဆိပ်ကြီးမြို့ ဌာနဆိုင်ရာရုံး (၃) ရုံးဖြစ်သော မြို့နယ်စည်ပင်သာယာရုံး၊ မြို့နယ်စာရင်းစစ်ရုံး နှင့် မြို့နယ်စိုက်/ဘဏ်ရုံးတို့ Drop Bomb ချတိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
“ဩဂုတ်လ (၂၇) ရက် ည (၁၀) နာရီ (၅၀) မိနစ် လောက်ကပေါက်ကွဲသံ နှစ်ကြိမ်၊ ည (၁၁) နာရီခွဲဝန်းကျင်လောက်က နှစ်ကြိမ်၊ ပေါက်ကွဲသံ လေးကြိမ်ကြားရတယ်။ မနက်မှ ဌာနဆိုင်ရာရုံးတွေ ဗုံးချတိုက်ခိုက်ခံရတာလို့သိရတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မြို့နယ်စည်ပင်ရုံး၏ အမိုးသွပ်နှင့်မျက်နှာကျက်များ၊ မြို့နယ်စိုက်ဘဏ်ရုံး၏ ရုံးပြတင်းပေါက်မှန်အချို့ပျက်စီးဆုံးရှုံးခဲ့ကာ မြို့နယ်စာရင်းစစ်ရုံးမှာ ပျက်စီးမှုမရှိခဲ့ကြောင်း မြို့ခံများ ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ (၁၅) ရက်က ညပိုင်းကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် သစ်တောဦးစီးဌာနရုံးများ Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခံခဲ့ရဖူးကြောင်း သိရသည်။
အလားတူ ဇူလိုင်လ (၇) ရက် နံနက်ပိုင်းကလည်း ကြာအင်းဆိပ်ကြီးမြို့ရှိ လျှပ်စစ်ဓါတ်အားခွဲရုံ ရုံးအဆောက်အဦး နှင့် ထရန်စဖော်မာများအား လက်နက်ကိုင်များက မိုင်းထောင်ဖျက်ဆီးခဲ့ကြသည်။