သြဂုတ် ၂၅
အင်တာနက် အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားနေသော မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများလက်ထဲတွင် အသက်မပြည့်သေးသည့်တရုတ်လူငယ်(၁၁)ဦး ပိတ်မိနေကြောင်း တရုတ်သတင်းဌာနတစ်ခုက ရေးသားသည်။
အသက်(၁၅)နှစ်နှင့် (၁၆)နှစ်အရွယ်များဖြစ်သော တရုတ်လူငယ် အနည်းဆုံး(၁၁)ဦးသည် အွန်လိုင်းကိုအသုံးပြုပြီး လိမ်လည်နေသည့် မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများတွင် အလုပ်လုပ်ရန်အတွက် လွန်ခဲ့သည့် မတ်လကတည်းက ဖြားယောင်း သွေးဆောင်ခံခဲ့ရကြောင်း အဆိုပါသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
လူငယ်မိဘတစ်ဦးက ” ရဲတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး မစုံစမ်းခိုင်းဖို့ ကျွန်တော့်ကလေးက ပြောလာပါတယ်။ ရဲတွေကို ဆက်သွယ်မယ်ဆိုရင် သူတို့ဒုက္ခရောက်လိမ့်မယ်လို့လည်း ပြောပါတယ်” ဟု သတင်းက ဖော်ပြထားသည်။
စိုးရိမ်နေသောမိဘများသည် ၎င်းတို့၏ သားသမီးများနှင့် ဆက်သွယ် ရန်ခက်ခဲနေကြောင်း Weibo ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။
အလားတူ တရုတ်အာဏာပိုင်များသည် မြဝတီမြို့နယ်ရှိ ရာဇဝတ်ဂိုဏ်လက်ထဲပိတ်မိနေသော Zhang Shi ဟု အမည်ရသည့် တရုတ်အမျိုးသားကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြောင်း မီဒီယာများက ဖော်ပြကြောင်း၊ အွန်လိုင်းကို အသုံးပြုပြီး လိမ်လည်နေသည့် ရာဇဝတ်ဂိုဏ်းများ အခြေစိုက်သည့်နေရာတစ်ခုဖြစ်သော မြဝတီမြို့တွင် Zhang Shi ရှိနေသည်ဟု ယူဆရကြောင်း ၎င်း၏ ချစ်သူဖြစ်သူ Yang ဆိုသည့်အမျိုးသမီးက ပြောကြားခဲ့သည်။
အသက်(၃၄)နှစ်အရွယ် Zhang Shi သည် ပြီးခဲ့သည့်နှစ်တွင် Jiangxi ပြည်နယ်ရှိ ရုက္ခဗေဒဥယျာဉ်တွင် တရုတ်သိပ္ပံ အကယ်ဒမီအတွက် သုတေသနပညာရှင်အဖြစ် လုပ်ကိုင်နေစဉ် အေဂျင်စီတစ်ခုက အရှေ့တောင်အာရှရှိ နိုင်ငံတစ်ခုတွင် ဘာသာပြန်အဖြစ် လုပ်ကိုင်ရန်နှင့် လစာမြင့်မားစွာပေးမည်ဟု ၎င်းကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်မြို့သို့ ခရီးထွက်ခဲ့ကာ ထိုင်း-မြန်မာနယ်စပ်သို့ ခေါ်ဆောင်သွားခံရပြီးနောက် ပြီးခဲ့သည့်နှစ် ဩဂုတ်လ(၁၆)ရက်တွင် မြန်မာနိုင်ငံနယ်စပ်ကိုဖြတ်ကျော်ကာ မြဝတီမြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
တဖက်တွင်လည်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားနေသော ရာဇဝတ်ဂိုဏ်းခေါင်းဆောင်အဖြစ် သံသယရှိသူနှစ်ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံထံသို့ ဩဂုတ်လ ၂၃ ရက်က ဖမ်းဆီးလွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai, မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump, မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီး Mr. Heuangseng Khamdalavong တို့ သြဂုတ်လ ၂၂ ရက်တွင် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပပြီး ဒေသတွင်း လောင်းကစားနှင့် လိမ်လည်မှု ရာဇဝတ် မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။