ကျိုက်ထို ဩဂုတ် (၂၃)
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU မဖွင့်စေသော အခြေခံပညာစာသင်ကျောင်းများ ယနေ့အချိန်ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်သေးမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ် အတွင်းရှိ KNU စိုးမိုးနယ်မြေအတွင်းရှိသည်ဆိုသည့် အခြေခံပညာစာသင်ကျောင်း ၄၀ ကျော်ခန့် ယနေ့အချိန်အထိ ပိတ်ထားရဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အဓိကက KNU က မဖွင့်နဲ့ဆိုတော့လည်း မဖွင့်ရဘူးတော့။ ကျွန်တော်တို့အနေနဲ့ကလည်း တာဝန်မယူရဲဘူးလေ။ အဲ့ဒီတော့ ကလေးတွေကို မြို့ကျောင်းကို ပို့ထားလိုက်ရတယ်” ဟု ကျိုက်ထိုမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း “အ.ထ.က (ကျူချောင်) က Grade – 12 ကလေးတွေကို ရွာထဲမှာဘဲ Camp သဘောနဲ့ စုပြီး စာသင်ကြားပေးနေကြတယ်။ တခြားအတန်းကလေးတွေကတော့ နီးစပ်ရာကျောင်းတွေကို ပြောင်းထားတဲ့သူတွေရှိသလို၊ တချို့လည်း မိဘတွေကြောက်ပြီး ကျောင်းမထားကြတော့သူတွေလည်းရှိနေတယ်။ ဘာဘဲဖြစ်ဖြစ် ကလေးတွေအတွက် အဆင်မပြေဘူးပေါ” ဟု ပြောကြားသည်။
အလားတူ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ KNU စိုးမိုးနယ်မြေများအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၃၀) ခန့်ပိတ်ထားခဲ့ရာမှ ကျေးရွာဘုန်းတော်ကြီးများ၊ ရပ်မိ ရပ်ဖများ၊ ဒေသခံပြည်သူများ တာဝန်ယူထားသည့် အခြေခံပညာကျောင်းပေါင်း (၁၅) ကျောင်းက ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သော်လည်း ကျန်ရှိနေသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဘီးလင်းမြို့နယ်ပညာရေးဦးစီးဌာန နှင့် နီးစပ်သူတစ်ဦးက ပြောကြားချက်များအရ သိရသည်။
ပြီးခဲသည့် ဇူလိုင်လ (၁၀) ရက်က KNU ကရင်အမျိုးသားအစည်းရုံး (ကျိုက်ထိုမြို့နယ်) ဥက္ကဌဖြစ်သူ စောမူလား နှင့်အဖွဲ့မှ ၎င်းတို့စိုးမိုးရာဒေသများအတွင်း အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုရန် စာထုတ်ထားသည့်အတွက် ယင်းနယ်မြေများအတွင်းရှိ ကျိုက်ထိုမြို့နယ်အတွင်းမှ စာသင်ကျောင်း (၁၁) ကျောင်းနှင့် ဘီးလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း (၃၀) ခန့်မှာ မှာ ဇူလိုင်လ (၁၂) ရက်မှစတင်ကာ ပိတ်ထားကြရကြောင်း သိရသည်။