ဘန်ကောက်-သြဂုတ် ၂၃
လူတွေကို ဘတ်ငွေဘီလီယံချီတဲ့ အတုအယောင်အစီအမံတွေမှာ ရင်းနှီးမြှပ်နှံထားတဲ့ ပလက်ဖောင်းပေါ်ကနေ စပွန်ဆာပေးမယ့် ကြော်ငြာတွေကို တားဆီးပိတ်ပင်ဖို့ ဘာမှမလုပ်ဆောင်တဲ့အတွက် ထိုင်းအစိုးရ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန (DES) က ထိုင်းနိုင်ငံမှာ Facebook ကို (၇) ရက်အတွင်း ပိတ်ပစ်ဖို့ စီစဉ်နေပါတယ်။
DES ဝန်ကြီးဌာနဟာ နိုင်ငံအတွင်း Facebook ပလက်ဖောင်းကို အသုံးပြုခွင့်ကို ပိတ်ပင်ဖို့ တရားရုံးအမိန့်ကို တောင်းဆိုဖို့ စီစဥ်နေတာပါ။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေမှာ Facebook ဟာ လူတွေကို လိမ်လည် ရင်းနှီးမြှပ်နှံရန်၊ လိမ်လည်လှည့်ဖြားရန် စပွန်ဆာများအဖြစ် လိမ်လည်တဲ့ စာမျက်နှာများထံမှ ငွေလက်ခံရယူခဲ့ရာ ထိုင်းနိုင်ငံသားများကို ဘတ်ငွေ ဘီလျံ ၁၀၀ ကျော် ထိခိုက်နစ်နာစေခဲ့တာလို့ ဆိုပါတယ်။
DES ဝန်ကြီး Chaiwut Thanakamanusorn ရဲ့ ပြောကြားချက်အရ အဆိုပါစာရင်းဇယားတွေဟာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများရဲ့ 70% ကျော်မှာ Facebook မှတစ်ဆင့် လုပ်ဆောင်ခဲ့ပြီး 90% ခန့်က အွန်လိုင်းထုတ်ကုန်လိမ်လည်မှုများကို ပလပ်ဖောင်းကနေ အလွယ်တကူဖြန့်ဝေနေပြီး ဝန်ကြီးဌာနအနေနဲ့ ၄င်းသက်သေအထောက်အထားတွေကို စုဆောင်းနေပါတယ်။
Facebook အနေနဲ့ မိမိတို့နိုင်ငံအတွင်း စီးပွားရေးလုပ်ဆောင်လိုပါက ၎င်းတို့ရဲ့စာမျက်နှာမှာ ပေါ်လာတဲ့အကြောင်းအရာတွေကို စောင့်ကြည့်စစ်ဆေးဖို့ တာဝန်ရှိတယ်လို့ ဝန်ကြီး Chaiwut က ဆိုပါတယ်။ ဝန်ကြီးဌာနနဲ့ Facebook အကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပေမယ့် အခုလိုလိမ်ညာလှည့်ဖြားတဲ့ စာမျက်နှာတွေကို စစ်ဆေးဖို့ သို့မဟုတ် ဖော်ထုတ်ဖို့ ဘာတစ်ခုမှ ဆောင်ရွက်ပေးခဲ့တာမရှိသေးဘူးလို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Source; The Nation