ကျိုက်မရော ဩဂုတ် (၂၃)
မွန်ပြည်သစ်ပါတီ သထုံခရိုင် တပ်တည်နယ်မြေနှင့်ဆက်စပ်လျက်ရှိသော ကျိုက်မရောမြို့နယ် မွန်ကျေးရွာဖြစ်သည့် တရနာကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ စခန်းဆောက်လုပ်နေသည်ကို တားမြစ်ပေးရန် ဒေသခံများက မွန်ပြည်သစ်ပါတီအား တောင်းဆိုထားကြောင်း သတင်းရရှိသည်။
တရနာကျေးရွာရှိ တိုက်နယ်ဆေးရုံအနီးတွင် စစ်ကောင်စီလက်အောက်ခံ “ကရင်ထာဝရလက်နက်ကိုင် နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်အဖွဲ့ (KAYIN EVER PEACE ARMY – K.E.P.A) မှ စခန်းအဆောက်အဦး လာရောက်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကရင်စစ်သားတွေ လာဆောက်နေတာ တစ်ပတ်လောက်ရှိနေပြီး။ ရွာကလူကြီးတွေကိုလည်း အသိမပေးဘူး။ နောက်ပြီး တိုက်နယ်ဆေးရုံဘေးမှာ သူတို့လုပ်ချင်သလို လုပ်နေကြတာ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုသို့ စစ်ကောင်စီလက်အောက်ခံ ကရင်စစ်သားများ စခန်းချနေထိုင်ပါက တရနာကျေးရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ကန့်ကွက်နေကြရခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း “ဆေးရုံဘေးမှ စစ်စခန်းလာဆောက်တော့ လူနာတွေအတွက်က အများကြီး အနှောင့်အယှက်ဖြစ်ကြမှာပါ” ဟု ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မွန်ပြည်သစ်ပါတီ သထုံခရိုင် အမြဲတမ်းတပ်တည်ဧရိယာ ထိန်းချုပ်နယ်မြေနှင့် ဆက်စပ်နယ်မြေများဖြစ်သည့် တရနာကျေးရွာအပါအဝင် ကျေးရွာတချို့တွင် မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ဖွဲ့ဝင်များက ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ သထုံခရိုင် အမြဲတမ်းတပ်တည်ဧရိယာကို နဝတနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအရ မြန်မာစစ်တပ်က သတ်မှတ်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ပြည်နယ်/ပြည်ထောင်စုသဘောတူညီချက်များနှင့် NCA စာချုပ်များတွင် ဆက်လက်အတည်ပြုပေးထားကြောင်း အပစ်ရပ်မှတ်တမ်းများအရ သိရသည်။