မော်လမြိုင် ဩဂုတ် (၁၉)
နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်နေသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ တစ်ပတ်အတွင်း တစ်တန် ၅ သိန်းခန့် ဈေးမြင့်တက်သွားသည်ဟု မော်လမြိုင်မြို့မှ ဒေသခံဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
“နိုင်ငံခြား သံ HRB 400 က လွန်ခဲ့တဲ့ (၅) ရက်လောက်က တစ်တန်ကို (၁၈) သိန်းလောက်ပဲရှိတယ်။ ဒီနေ့ ( ဩဂုတ် (၁၉) ရက်) မှာ (၂၃) သိန်းဝန်ကျင်ဖြစ်သွားတယ်။ ပြည်တွင်း သံက လွန်ခဲ့တဲ့ ၅ ရက်လောက်က တစ်တန် (၁၂) သိန်းဝန်ကျင်ရှိတာ။အခု (၁၇) သိန်းဝန်ကျင်ဖြစ်သွားပြီး” ဟု ဒေသခံဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများကို ထိုင်းနိုင်ငံမှ အများဆုံးဝယ်ယူနေရသလို ယခုအပတ်အတွင်း နယ်စပ်ငွေလဲနှုန်းအရ ထိုင်းဘတ်ငွေ ၉၀၀ ကျော်သည် ကျပ်ငွေတစ်သိန်းအထိ မြန်မာငွေကြေးတန်ဖိုးဆက်တိုက်ကျဆင်းလျက်ရှိသည်။
၎င်းကဆက်လက်ပြီး “အခုတင်ဒါလုပ်ငန်းတွေကော ကန်ထရိုက်တွေပါ အကုန်အရှုံးပေါ်ပြီး။ တင်ဒါကလည်း ဈေးတိုးတောင်းလို့မရဘူး။ ဟိုးအရင်ကတော့ တင်ဒါအောင်ရင် ပြောကြတယ်။ အခုက တင်ဒါအောင်မှာကို စိုးရိမ်နေကြတာ။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းဈေးတွေက အချိန်နဲ့အမျှတက်နေတာလေ” ဟု ပြောကြားသည်။
လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းအများစုမှာလည်း ရပ်နားထားရပြီး၊ အခြေအနေကိုသုံးသပ်လျှက်ရှိ ကြောင်း ၎င်းကဆိုသည်။
“လုပ်ငန်းက အကြာကြီးလဲ ရပ်ထားလို့မရဘူး။ အလုပ်သမားတွေ စားဝတ်နေရေးရှိတယ်။ တင်ဒါဝင်လုပ်တယ်ဆိုတာကလဲ အလုပ်သမားတွေထိန်းထားရုံလောက်ရရင်အဆင်ပြေရုံဆိုရုံလေးဝင်လုပ်ကြတာ။ အခု လုပ်ငန်းသုံး ပစ္စည်းတွေ ဈေးတက်တော့ ရှုံးရင်ရှုံးရင်ပေါ့။ ကန်ထရိုက်တွေက အိမ်ရှင်နဲညှိလို့ရသေးတယ်။ တင်ဒါက ဌာနနဲညှိလို့မရဘူး။ တင်ဒါအောင်ထားတဲ့ဈေးနဲ့ပဲဆက်လုပ်ရမှာ” ဟု ၎င်းဒေသခံဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ယခုအပတ်တွင် ၃၀ % ခန့်ဈေးမြင့်သွားပြီး၊ ဆက်လက်အတက်ဘက်ကိုဦးတည်နေကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုမှုများရှိနေသည်။
“သံအမျိုးအစားအလိုက် တစ်တန်ကို ၄ သိန်းနဲ့ ၅ သိန်းလောက်ဈေးမြင့်သွားပြီး။ သံ ချောင်းတစ်ခုတည်းတော့မဟုတ်ပါဘူး။ အခြားဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေလည်း အကုန်ဈေးတက်နေတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်ဆိုင်ပိုင်ရှင်တစ်ဦးပြောကြားသည်။
မြန်မာကျပ်ငွေပြိုဆင်းလျှက်ရှိပြီး နိုင်ငံခြားငွေများဈေးဆက်လက်မြင့်တက်လျှက်ရှိသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းများဈေးဆက်လက်မြင့်တက်မည်ကို ဒေသခံဆောက်လုပ်ရေးလုပ်ငန်းရှင်များ စိုးရိမ်ပူပန်လျှက်ရှိနေကြကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။