မော်လမြိုင်၊ ဩဂုတ် ၁၇
မွန်ပြည််နယ်အတွင်း ဆောက်လုပ်မည့်နိုင်ငံတကာအဆင့်မီ လေဆိပ် နှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်စီမံကိန်း မြေပြင်တွင် အကောင်ထည်ဖော် ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း သိရသည်။
အထက်ပါစီမံကိန်းသည် နှစ်နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း မြေပြင်တွင် စတင်ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း မုဒုံမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။
“အခုထိတော့ ဘာမှ လုပ်ထားတာ မရှိသေးဘူး။ ဧကသတ်မှတ်ထားပေမယ့် စီမံကိန်း ဧရိယာတွေ ဘာတွေ လုပ်တာမရှိသေးဘူး။ ဒီအတိုင်းကြီးပဲ”ဟု ၎င်းက ပြောသည်။
စီမံကိန်းဧရိယာအတွင်း ပါနေသည့် မြေပိုင်ရှင်များအတွက် မြေယာလျော်ကြေးကို အရစ်ကျစနစ်ဖြင့် တောင်သူများကို မြေယာလျော်ကြေး ပေးဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။
နိုင်ငံတကာ အဆင့်မီလေဆိပ်ကို မုဒုံမြို့နယ် ကော့ပရံကျေးရွာအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဘလောက်ညောင်ဝိုင်း နှင့် ဝဲကလိကျေးရွာကြား တည်ဆောက်မည်ဖြစ်ကြောင်း နစက ထုတ်ပြန်ထားသည်။
စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသည့် ဒေသခံများ၏ သီးနှံမြေ၊ လယ်မြေများအတွက် နစ်နာကြေးလျော်ကြေးငွေ ၂၇.၁၂ ဘီလီယံ လျာထားကြောင်း သိရသည်။
မြေဧရိယာ ၄၆၂၆.၂၉ဧကို အဆိုပြုဧရိယာအဖြစ် သတ်မှတ်ထားပြီး ပင်မ လေဆိပ်ဧရိယာကို ၃၄၄၇.၄၂ ဧက၊ ပင်မ ဆိပ်ကမ်းဧရိယာကို ၃၆၉.၁၇ ဧက သတ်မှတ်ထားသည်။
မွန်ပြည်နယ်၏ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင် ဖိတ်ခေါ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။