မော်လမြိုင် ဩဂုတ် (၁၆)
နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေရေးကို ရည်ရွယ်သည်ဟုဆိုကာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်း လိုင်စင်ရ ဘဏ်များတွင် ထိုင်းဘတ်ငွေ အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းဆောင်ရွက်မှုများခွင့်ပြုလိုက်သည်ဟု ဗဟိုဘဏ်က ဩဂုတ် (၁၄ )ရက်နေ့က ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
စစ်ကောင်စီမှ အမေရိကန်ဒေါ်လာနေရာတွင် အစားထိုးသုံးစွဲနိုင်ရန်အတွက် ယခုကဲ့သို့ သတ်မှတ်ခြင်းဖြစ်နိုင်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြသည်။
ယင်းကြေငြာချက်ထုတ်ပြန်ပြီးနောက် ထိုင်းဘတ်ငွေမှာ တန်ဖိုးဆက်လက်မြင့်တက်လျှက်ရှိပြီး၊ ထပ်မံမြင့်တက်နိုင်သည်ဟုလည်း ဈေးကွက်ကျွမ်းကျင်သူများကသုံးသပ်သည်။
ထိုင်းဘတ်ငွေ ယနေ့ ဩဂုတ်လ (၁၆) ရက် နေ့လည်ပိုင်းက (၉၇.၅) အထိ ပေါက်ဈေးရှိနေပြီး ဈေးနှုန်းမှာ ၂ ပတ်အတွင်း ၁၅ % ကျော် မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းဘတ်ငွေတန်ဖိုးမြင့်တက်နေခြင်းကြောင့် နယ်စပ်ရှိ ငွေလဲ လုပ်ကိုင်သူများ ခေတ္တရပ်နားထားကြကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။