ရေး- သြဂုတ် ၉
ရေးမြို့နယ် အစင်ကျေးရွာစျေးထိပ်ရှိ ဦးချစ်ဆွေ လက်ဘက်ရည်ဆိုင်ထဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်စီးသေနတ်သမား ၂ ဦး လာရောက်ပစ်ခတ်သောကြောင့် ရာအိမ်မှူးနှင့်ပြည်သူ့စစ်အပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ရွာခံများမှသိရသည်။
မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးက “ဘယ်အဖွဲ့လည်းတော့ မသိပါဘူး အသက်အစိတ်လောက်လူငယ် ၂ ဦး အနက်ရောင်မိုးကာအင်္ကျီ နဲ့ Mask အနက်ရောင်တပ်ထားပြီးတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်၊ ဦးချစ်ဆွေ လက်ဘက်ရည်ဆိုင်ရှေ့လည်း ရောက်တာနဲ့ ဆိုင်ကယ်ရပ်ပြီး နောက်လူက M 16 နဲ့ ပြည်သူ့စစ် ရာအိမ်မှူး ဦးယဥ်ဝေတို့ ဝိုင်းကိုတခါထဲပစ်ထည့်လိုက်တာပဲ၊ အဲဒီမှာ ၅ ယောက်ထိတယ် ၂ ယောက်သေတယ်” ဟု ပြောသည်။
အစင်ကျေးရွာ ပြည်သူ့စစ်/ရာအိမ်မှူး ဦးယဉ်ဝေ(၆၈)နှစ် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ၊ ယာနောက်ကျောပြင်ကျည်ဖေါက်ဝင်ဒဏ်ရာ(၁) ချက်၊ ရင်အုံယာဘက်ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက်နှင့် ဇီးဖြူသောင်ကျေးရွာ ပိုက်တန်းရပ်ကွက်မှ စျေးရောင်းသူ ဦးအောင်သိန်း(၆၂)နှစ် ယာပါးကျည်ဖေါက်ဝင်ဒဏ်ရာ(၂)ချက်၊ လည်ပင်းကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက် သေနတ်ထိမှန်သေဆုံးကြောင်း ကျေးရွာလုံခြုံရေးအဖွဲ့မှ သတင်းရရှိသည်။
အစင်ကျေးရွာမှ ခြံလုပ်ကိုင်သူ ဦးမျိုးထွန်း(၂၇)နှစ် ဝဲပါးကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဇီးဖြူသောင်ကျေးရွာမှ ရေလုပ်သား ဦးလတ် (၄၉) နှစ် ယာလက်မောင်းကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်ယာဘက်ကျည်ဖေါင်ဝင် ဒဏ် ရာ(၂)ချက်နှင့် အစင်ကျေးရွာ၊ နယ်မြေ(၁၃)၊ ပြည်သူ့စစ်/ရာအိမ်မှူး၊ ဦးဝင်းထိုက်(၄၇)နှစ် ယာလက်မောင်းကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာလက်ပြင်ကျည်ဖေါက်ထွက်ဒဏ်ရာ (၁) ချက် သေနတ်ထိမှန် ဒဏ်ရာအသီးသီးရရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့် နေရာအနီးတဝိုက်တွင် M-16 ကျည်ခွံ ၁၉ ခုတွေ့ရှိရကြောင်း၊ ဆိုင်ကယ်စီးသေနတ်သမား ၂ ဦးမှာ ဓမင်းဆိပ်ရွာဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။