မော်လမြိုင် ဩဂုတ် (၄)
မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ယခင် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း တွင် ဩဂုတ်လ (၄) ရက် သန်းခေါင်ယံအချိန်ခန့်က ကျောင်းဆောင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင် သိရသည်။
ဩဂုတ်လ (၃) ရက် ည (၁၁) နာရီခွဲအချိန်ခန့်ကတည်းက ဝါယာကြိုးမီးလောင်သည့် အနံ့များရနေကြောင်း ကျောင်းအနီးနေထိုင်တစ်ဥိးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ည သန်းခေါင်ယံမတိုင်ခင်မှာ ကျောင်းဝင်းထဲက မီးတောက်ကြီးထွက်လာတာတွေ့ရတယ်။ ဆရာမကြီးရုံးခန်းရှိတဲ့ နှစ်ထပ်ကျောင်းဆောင်က စလောင်တာမျိုးတွေ့ရတယ်”ဟု ပြောကြားသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် နှစ်ထပ်ကျောင်းဆောင် မှ သုံးထပ်ကျောင်းဆောင်သို့ ကူးစက်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
“ကျောင်းဆောင်တွေက သစ်သားကျောင်းဆောင်တွေဖြစ်သလို ကျောင်းမဖွင့်ခင်ကဘဲ ရေနံသုတ်ထားတော့ မီးလောင်အားပိုကောင်းသွားတယ်။ အဲ့ဒီအပြင်ကို ခါတိုင်းညတွေက မော်လမြိုင်မှာမိုးရွာနေကြ။ မနေ့ည (ဩဂုတ်လ (၃) ရက်) (၁၀) နာရီ (၁၅) လောက်မိုးရွာပြီး ပြန်တိတ်သွားတယ်။ မီးလောင်မှုဖြစ်တဲ့အချိန်မှာလည်း မိုးကမရွာဘူး” ဟု ပန်းဘဲတန်းရပ်ကွက်နေပြည်သူတစ်ဦးကပြောကြားသည်။
အဆိုပါ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဆောင် မီးလောင်မှုအား မော်လမြိုင်ခရိုင်၊ မြို့နယ် နှင့် မော်လမြိုင်မြို့ရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ်များ ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မော်လမြိုင်မြို့ပေါ်ရှိ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့် မြို့ခံပြည်သူများများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ဩဂုတ်လ (၄) ရက် နံနက် (၂) နာရီအချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသားကျောင်းဖြစ်ခဲ့သည့် ရှင်မဟာဗုဒ္ဓဃောသကျောင်း (ယခု အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း) အား (၁၈၉၉) ခုနှစ် ကဆုန်လပြည့်နေ့က စတင်ဖွင့်လှစ်ခဲ့သည့်အတွက်ယခု (၂၀၂၃) ခုနှစ် ကဆုန်လပြည့်နေ့က နှစ်ပေါင်း (၁၂၄) နှစ် ပြည့်ပြီးဖြစ်ကြောင်းသိရသည်။