မော်လမြိုင် ဩဂုတ် (၃)
သံလွင်တံတား(မော်လမြိုင်) စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်မှ အမိုနီယမ်နိုက်ထရိတ် (၇၀၀၀) ကီလိုဂရမ်နှင့် ဒီတိုနေတာဖောက်ခွဲရေးပစ္စည်း (၃၃၀၀) ချောင်း ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရက်နေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ (၃၀) ရက်နေ့ နံနက်ပိုင်းက တံတားလုံခြုံရေးပူးပေါင်းအဖွဲ့မှ မော်တော်ယာဥ် စစ်ဆေးခြင်းများ ဆောင်ရွက်စဥ် မုဒုံမြို့နယ်ဘက်မှ သံလွင်တံတား(မော်လမြိုင်) ဖြတ်သန်းရန် မောင်းနှင်လာသည့် ခြောက်ဘီး ကုန်တင်ယာဥ်အား စစ်ဆေးခဲ့ရာမှ အဆိုပါ အမိုနီယမ်နိုက်ထရိတ် နှင့်ဒီတိုနေတာဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခြောက်ဘီးကုန်တင်ယာဥ်ပေါ်တွင် အချိုရည်များနှင့် ရောနှောတင်ဆောင်လာသည့် ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသော အမိုနီရမ်နိုက်ထရိတ် အလေးချိန် (၇၀၀၀) ကီလိုဂရမ်၊ ဒီတိုနေတာ (၅၀) ချောင်းပါ (၆၆) စီး စုစုပေါင်း (၃၃၀၀) ချောင်းတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။
သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များမှ အဆိုပါ အမိုနီယမ်နိုက်ထရိတ်နှင့် ဒီတိုနေတာများအား သိမ်းဆည်းခဲ့ပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။