ဇူလိုင် (၂၇)
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ရွာသာယာရပ်ကွက်အနီးရှိ ခြံတစ်ခြံ၏ တဲအိမ်တစ်ခုပေါ်၌ ဦးခေါင်းဒဏ်ရာများဖြင့် အမည်နေရပ်လိပ်စာမသိ ရွှေ့ပြောင်းလုပ်သားတစ်ဦး ယမန်နေ့နံနက်ပိုင်း (ဇူလိုင် ၂၆) က ရိုက်နှက်သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဦးခေါင်းနောက်စေ့ရိုက်နှက်ခံဒဏ်ရာနှင့် ကျောပြင်ဒဏ်ရာမှောက်လျက်အနေအထားဖြင့် အခင်းဖြစ်ပွားသည့်နေရာ၌ မေ့မျောနေသည့် အသက် ၃၀ ခန့်ရှိ အမျိုးသား ရွှေ့ပြောင်းအလုပ်သမားအား လမိုင်းလူငယ်ပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့သယ်ဆောင်လာပြီး လမိုင်းဆေးရုံသို့ရောက်ရှိစဥ် သေဆုံးခဲ့ကြောင်း မြို့ခံပရဟိတ လူငယ်တစ်ဦးက ကောင်းဝါသို့ ပြောသည်။
“ဒီတစ်ရက်နှစ်ရက်မှာပဲ ဒီနေရာရောက်လာတာလို့ ပြောကြတယ် သူ့ကို ဘယ်သူဘယ်ဝါမှန်း မသိကြပါဘူး၊ ညက အဲ့တဲမှာ ဆူညံသံတော့ကြားရတယ်လို့ အနီးအနား တဲက လူတွေကြားတယ်လို့ ပြောတယ်၊ ပရဟိတကားကို လာခေါ်တဲ့ လူလည်း တဲမှာ မရှိတော့ပါဘူး”ဟု လမိုင်းမြို့ခံ ပရဟိတလူငယ်တစ်ဦးက ပြောသည်။
အဆိုပါ အမည်နေရပ်လိပ်စာမသိ သေဆုံးသွားသူ ရွှေ့ပြောင်းအလုပ်သမားသည် မကြာခင်ရက်ပိုင်းအတွင်းက အညာဒေသမှ ပြောင်းရွှေ့ရောက်ရှိလာသည့် ဗမာလူမျိုးတစ်ဦးဖြစ်ကြောင်း အခင်းဖြစ်ပွားခဲ့သည့် တဲအိမ်ခြံအနီးရှိ ရွာသာယာခြံလုပ်သား ရွှေ့ပြောင်းအလုပ်သမား မိသားစုများထံမှ စုံစမ်းသိရှိရသည်။
Photo-ဂကောံသၟတ်ရီုဗင်ပရဟိတ-ဍုင်လၟိုင်။