Kaowao July 27, 2023
မြန်မာနိုင်ငံတွင် ဝင်ငွေကောင်းအလုပ်ရမည်ဆိုကာ ရာဇဝတ်ဂိုဏ်းများ၏ အလိမ်ခံခဲ့ရသော အိန္ဒိယနိုင်ငံသား ကယ်တင်နိုင်ခဲ့ပြီး ၁၅ ဦးကို ရန်ကုန်လေဆိပ်မှ အိန္ဒိယနိုင်ငံ ဒေလီမြို့တော်ကို လေယာဉ်ဖြင့် ဇူလိုင်လ ၂၆ ရက်နေ့က ပြန်ပို့လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက တွစ်တာစာမျက်နှာမှ သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံသား ၃၇၉ ဦးကို မြန်မာနိုင်ငံအတွင်းက ရာဇဝတ်ဂိုဏ်းများလက်ထဲမှ ကယ်တင်နိုင်ခဲ့ကြောင်း၊ ၄င်းတို့ကယ်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံက ပေးအပ်ခဲ့သော အကူအညီများကို ကျေးဇူးတင်ရှိကြောင်း အိန္ဒိယသံရုံးက ရေးသားထားသည်။
အလိမ်ခံရသည့် အိန္ဒိယနိုင်ငံသားအများစုသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြပြီး အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်း၊ တခြားသူများ၏ အချက်အလက် ခိုးယူခြင်း၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့် အချစ်ရေးလိမ်လည်သည့်အလုပ်များကို လုပ်ခဲ့ကြရကြောင်း အိန္ဒိယသတင်းဌာနများက ရေးသားဖော်ပြကြသည်။
မြန်မာနိုင်ငံအပြင် အလားတူ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတွင်းလည်း အဆိုပါ အွန်လိုင်ငွေကြေးလိမ်လည်လုပ်ငန်းများ ရှိနေသေးကြောင်း သိရသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံသားများအနေဖြင့် သံသယဖြစ်စရာ အလုပ်ကမ်းလှမ်းချက်များကို ယုံကြည်၍ သွားမလုပ်မိကြဖို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတိပေးထားသည်။
Photo- မြန်မာနိုင်ငံတွင် အလုပ်ကောင်းရမည်ဆိုသည့် ရာဇဝတ်ဂိုဏ်းသားများ၏အလိမ်ခံခဲ့ရသော အိန္ဒိယနိုင်ငံသား ၁၅ ဦးကို နေရပ်ပြန်မပို့မီ ၂၆-၇-၂၀၂၃ က ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။ Embassy of India, Yangon.