သထုံ ဇူလိုင် (၂၆)
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားအား ယာယီဘေလီတံတားတည်ဆောက်သည့်လုပ်ငန်းပြီးစီးသွားပြီဖြစ်ကြောင်း သထုံခရိုင်လမ်းဦးစီးဌာန နှင့် နီးစပ်သူများ၏ပြောကြားချက်များအရ သိရသည်။
အဆိုပါ ကျုံအိတ်တံတား၌ မိုင်းခွဲဖျက်ဆီးခံရပြီး ပျက်ဆီးခဲ့သည့် တံတားဘက်ခြမ်း၌ ယာယီဘေလီတံတားတည်ဆောက်သည့်လုပ်ငန်းများ ဇူလိုင်လ (၂၅) ရက်က ပြီးစီးခဲ့ကြောင်း ယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်များ စမ်းသပ်မောင်းနှင်ပြီးပါက တံတားအား အသုံးပြုနိုင်ပြီးဖြစ်ကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။
“ယာယီဘေလီတံတားထိုးနေတဲ့အချိန်မှာ အနှောင့်အယှက်တွေအမျိုးမျိုးရှိခဲ့ပေမယ့် အဆင်ပြေပြေနဲ့ ဆောင်ရွက်လို့ပြီးသွားပါပြီး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်က သထုံးမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ အရှည် (၉၅) ပေ၊ လမ်းအကျယ် (၄၁) ပေရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတား အား KNU တပ်မဟာ (၁)၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့် တံတားကျိုးကျချိန်တွင် အိမ်စီးကား (၃) စီးပျက်ဆီးခဲ့ရာ (၂) စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် တံတားအကျယ် (၂၇) ပေခန့်ပျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ (၂၉) ရက် နံနက် (၆) နာရီဝန်းကျင်အချိန်ခန့်တွင် ကျုံအိတ်တံတား မိုင်းခွဲခံခဲ့ရပြီးနောက် ထိခိုက်ပျက်ဆီးမှုအား စစ်ဆေးရန်လာရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးဌာနမှူး တစ်ဦးသေဆုံးကာ လုံခြုံရေးတပ်ဖွဲ့မှ (၁၂) ဦး၊ ရဲတပ်ဖွဲ့ဝင် (၉) ဦး၊ ထွေ/အုပ်ဝန်ထမ်း (၂) ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီ မှ ဝန်ထမ်း (၂) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတား၏ ဖျက်ဆီးခဲ့သည့် အပိုင်းအား ယာယီဘေလီတံတားထိုးရန် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်အား ဇူလိုင်လ (၂၄) ရက် ညနေပိုင်းက (၁) ကြိမ်၊ ဇူလိုင်လ (၁၅) ရက်က (၂) ကြိမ်၊ ဇူလိုင်လ (၁၂) ရက်က (၁) ကြိမ်၊ ဇူလိုင်လ (၉) ရက်က (၁) ကြိမ်၊ ဇူလိုင်လ (၈) ရက်က (၁) ကြိမ်၊ ဇူလိုင်လ (၇) ရက်က (၁) ကြိမ် စုစုပေါင်း (၇) ကြိမ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။