မလေးရှားသင်္ဘောနစ်မြုပ်မှု
ပေါင်-ဇူလိုင် (၂၃)
ကျောက်စရစ်များ တင်ဆောင်လာသည့် MV Tung Sung အမည်ရှိ မလေးရှားသင်္ဘောသည် မလေးရှား ရေပိုင်နက် Pulau Burung ၏ အနောက်မြောက်ဘက် ရေမိုင် (၄၀) ခန့်အကွာတွင် ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်သွားခဲ့ရာတွင် ပေါင်မြို့နယ်မှ သုံးဦးနှင့် တွံတေးမြို့မှတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက် ဒေသစံတော်ချိန် ည (၁၁) နာရီအချိန်ခန့်က သင်္ဘောနစ်မြုပ်ချိန်တွင် မြန်မာ လေးဦး၊ မလေးရှား သုံးဦးနှင့် အင်ဒိုနီးရှား တစ်ဦး၊ စုစုပေါင်း (၈) ဦး မှာ ပျောက်ဆုံးခဲ့ကြောင်း Malaysia Maritime Enforcement Agency (MMEA) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသား (၄)ဦးမှာ မွန်ပြည်နယ် ပေါင်မြို့မှ အသက် (၂၃) နှစ်အရွယ် ကိုသက်မင်းဂျူလိုင်၊ ဇင်းကျိုက်မြို့မှ အသက် (၂၁) နှစ်အရွယ် ကိုရဲလင်းထက် နှင့် အသက် (၂ဝ) အရွယ် ကိုထွန်းလင်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့မှ အသက် (၂၄) နှစ်အရွယ် ကိုလှဝင်းထွန်းတို့ဖြစ်ကြကြောင်း သိရသည်။
MV Tung Sung အမည်ရှိ သင်္ဘောမှာ Kuching မှ Sarikei သို့ ကျောက်စရစ်များ တင်ဆောင်လာစဥ်နစ်မြုပ်ခဲ့တာဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသား (၄) ဦးမှာ မည်သည့် Company မှ ထွက်သွားသည်ကို မသိရသေးကြောင်း MMEA က ဆိုထားသည်။
မလေးရှားသင်္ဘောနစ်မြုပ်မှုအား ဇူလိုင်လ (၂၀) ရက် နံနက် (၉) နာရီ (၄၀) မိနစ်အချိန်မှ သတင်းရရှိခဲ့ပြီး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မွန်းလွဲ (၁) နာရီ (၂၀) မိနစ်မှသာ စတင်လုပ်ဆောင်ခဲ့ကြောင်း MMEA က ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ (၂၂) ရက် မွန်းလွဲပိုင်းမှ ညနေပိုင်းအချိန်အထိ သင်္ဘောနစ်မြှုပ်မှုမှ သေဆုံးနေသည့် ရုပ်အလောင်း (၄) ခုအား Pulau burung မြို့၏ ရေမိုင် ၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ကယ်ဆယ်ရေးအဖွဲ့ဝင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များနှင့် ကမ်းခြေစောင့်တပ်ဖွဲ့များက ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။