ထားဝယ် ဇူလိုင် (၂၃)
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၏ နေအိမ်ခေါင်မိုးမှ ဖောက်ဝင်ကာ ဧည့်ခန်းသို့ ဗုံးတစ်လုံးနှင့် လုံ/နယ်ဝန်ကြီး အိမ်ရှေ့ကားရပ်နားရာ နေရာအနီးရှိ ဝါးရုံပေါ်သို့ ယမန်နေ့ညပိုင်းက လက်လုပ်စိန်ပြောင်းဖြင့် ဗုံးတစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ရာကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဇူလိုင်လ (၂၂) ရက် ည (၈) နာရီအချိန်ခန့်က လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် ဗုံးကဲ့သို့ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
၄င်းက “လူတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်” ဟု ဆက်ပြောသည်။
ဝန်ကြီးများအိမ်ယာဝင်းအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပတ်ဝန်းကျင်ကို လိုက်လံရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေလ (၃၁) ရက် ညပိုင်းကလည်း ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ရာနှင့် ကမျောကင်းတံတား ရှိ စစ်ကောင်စီတပ်သားတွေကို ၈၁ – မမ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က သတင်းထုတ်ပြန်ခဲ့သည်။