သံဖြူဇရပ် ဇူလိုင် (၂၂)
သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအဝင် လမ်းမပေါ်၌ ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းက ဓားကိုင်သောင်းကျန်းနေသော အမျိုးသားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သတင်းရရှိသည်။
ဝဲကလိကျေးရွာနေ အသကိ (၃၆) နှစ်အရွယ် တင်ထွန်း ဆိုသူသည် ဝဲကလိကျေးရွာထဲသို့ ဝင်လာသည့် ကားဆိုင်ကယ်များအား ဓားကိုင်၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်းများဖြင့် သောင်းကျန်းသူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တင်ထွန်းမှ ထိုသို့ ပြုလုပ်နေစဥ် ၎င်းအားထိန်းသိမ်းရန်လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း ပြန်လည်ရန်ပြုသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းနှင့် အညီ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ဓားကိုင်သောင်းကျန်းနေတဲ့ တင်ထွန်းရဲ့ တင်ပါး နဲ့ ဘယ်ဘက်ဝမ်းဗိုက်နေရာကို သေနတ်နဲ့ ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ သိရတယ်။ သေနတ်ဒဏ်ရာတွေက အသက်အန္တရာယ်မရှိဘူးလို့ သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ဓားကိုင်ဆောင်၍ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုသူ တင်ထွန်းအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဝဲကလိကျေးရွာအနီးရှိ ဝယ်ဝင်္ကရာကျေးရွာတွင် အသက်(၄၁) ခန့်ရှိ နိုင်ယုံဆိုသူက ၎င်း၏နေအိမ်ကို မီးရှို့ပြီး ပတ်ဝန်းကျင်ရှိသူများအား ဓါးနှင့် လိုက်လံခုတ်ရာ ရွာသား (၆) ဦး သေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဧပြီလ သတင်းမှတ်တမ်းများက ဖော်ပြသည်။