လောင်းလုံး ဇူလိုင် (၂၂)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူးဖြစ်သူ ဦးသိန်းဦး မှာ ဇူလိုင်လ (၂၁) ရက် ညပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အသက် (၅၃) နှစ်အရွယ်ရှိ ဦးသိန်းဦး မှာ လောင်းလုံးမြို့နှင့် (၅) မိုင်ခန့်အကွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနရုံးဝင်းအတွင်းရှိ ၎င်းနေထိုင်သည့် နေအိမ်အတွင်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဦးသိန်းဦး က သေနတ်နဲ့ ပစ်သတ်ခံထားရတာလို့ သိရတယ်။ ဘယ်သူတွေက လုပ်ဆောင်သွားလဲဆိုတာကိုတော့ မသိရသေးဘူး” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ မကြာခဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ခံနေရသည့်အတွက် ဝန်ထမ်းများအား သက်ဆိုင်ရာမှ လုံခြုံရေးမပေးနိုင်ပါက ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ကြရမည့် အခြေအနေမျိုးဖြစ်နေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူးဖြစ်သူ ဦးသိန်းဦး အား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းမှာ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၊ ပျူစောထီးများနှင့် အတူ လမ်းမများအပေါ် ခရီးသွားပြည်သူများထံ စစ်ဆေးခြင်း၊ ဆက်ကြေးတောင်းခံမှုများတွင် ပါဝင်နေခြင်း၊ ထားဝယ် – ရန်ကုန် ကားလမ်းရှိ မလွှဲတောင်ဂိတ်၌လည်း စစ်ကောင်စီနှင့်အတူ ဆက်ကြေးကောက်ခံနေခြင်းတို့ကြောင့် လုပ်ရပ်များရပ်တန့်ရန် သတိပေးထားပြီးသားလည်းဖြစ်ကြောင်း၊ သို့သော်လည်း ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်နေမြဲဖြစ်သောကြောင့် ထိုစစ်ကောင်စီလက်ပါးစေ ဦးသိန်းဦးအားရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) မှ ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ်ထုတ်ပြန်ထားချက်အရ သိရသည်။