ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၁၈)
ယမန်နေ့ ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံ – သံဖြူဇရပ်ကားလမ်းပိုင်း၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီး ရှိ ချောင်းကူးတံတား နှင့် သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက်ရှိ ချောင်းကူးတံတားပေါ် ရေကျော်နေကြောင်း ဒေသခံများ နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အများထံမှ သိရသည်။
မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးရှိ ချောင်းတံတားတွင် မိုးသည်ထန်စွာရွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းနေသည့်အတွက် ယနေ့နံနက် (၇) နာရီခွဲအချိန်တွင် ကုန်တင်ယာဉ်ကြီးများသာ သွားလာလို့ရသည့်အခြေအနေမျိုးရှိနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“နှီးပဒေါရွာထဲမှာလည်း အနီးပိုင်းရပ်ကွက်တွေထဲ ရေတွေဝင်နေတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အတူ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက် မုဒုံ – သံဖြူဇရပ်ကားလမ်း ချောင်းကူးတံတားတွင်လည်း ရေကျော်နေ၍ ယနေ့နံနက် (၇) နာရီခွဲ အချိန်အထိ ကားကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
“ရေကလမ်းပေါ် (၂) ကျော်ကျော်တက်နေတယ်။ ရေစီးကလည်းရှိနေတော့ ဆိုင်ကယ်နဲ့ ကားလေးတွေတော့ ဖြတ်ဖို့ အဆင်မပြေသေးဘူး” ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လတ်တလော မုဒုံ – သံဖြူဇရပ် ကားလမ်းအား အသုံးပြုကာ သွားလာကြမည့် ခရီးသွားများအနေဖြင့် ရေအခြေအနေအား စုံစမ်းပြီးမှ သွားလာကြရန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက အသိပေးပြောကြားထားသည်။
အလားတူ သံဖြူဇရပ်မြို့ပေါ်နှင့် ပငကျေးရွာတွင်လည်း လမ်းမပေါ်အနိမ့်ပိုင်းနေရာများတွင် ရေကျော်၍ သွားလာရေးခက်ခဲနေကြောင်း သတင်းရရှိသည်။
ထို့အပြင် ယမန်နေ့ညပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေလိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာအတွင်း ယနေ့နံနက်အစောပိုင်းကတည်းက ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။