ကောင်းဝါ-၂၀၂၃ ဇူလိုင် (၁၇)
မြန်မာစစ်တပ် အမှတ် (၃၁၄) အမြောက်တပ်မှ ဇူလိုင်လ (၁၁) ရက်၊ မွန်းလွဲ (၁) နာရီခွဲအချိန်ခန့်က ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး၊ စာသင်ကျောင်း နှင့် ဆေးခန်းအဆောက်အဦးတချို့ထိခိုက်ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းခွဲခံရထားရသော ကျုံအိတ်တံတား ယာယီဘေလီတံတားထိုးနေသည့် လုပ်ငန်းခွင်အတွင်းသို့ ရွှေရောင်ပြကျေးရွာဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက်ဟု ဆိုကာ အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်တုန့်ပြန်ကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆပြောဆိုနေကြသည်။
အဆိုပါ အမှတ် (၃၁၄) အမြောက်တပ်မှ အဝန်းကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့ရာ ဦးမရမ်းကုန်း ဆိုသူ၏ နေအိမ်နှင့် ဒေါ်အပျိုကြီး ဆိုသူ၏ နေအိမ် (၂) လုံးမှာ ထိခိုက်ပျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက “နောက်ပြီး ရွာက စာသင်ကျောင်းနဲ့ ဆေးပေးခန်းအဆောက်အဦးတချို့ကလည်း လက်နက်ကြီးကျည် ထိမှန်ပျက်ဆီးခဲ့တာရှိခဲ့တယ်” ဟု ပြောကြားသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်ကလည်း အမှတ် (၃၁၄) အမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၅၇) နှစ်အရွယ် နော်တင်အေး မှာလည်း ထိခိုက်ဒဏ်ရာဖြင့် ဖလံတောင်ဆေးရုံတွင် သေဆုံးခဲ့ရကြောင်း သိရသည်။