ကောင်းဝါ-၂၀၂၃ ဇူလိုင် (၁၇)
ရေးမြို့နယ် နှစ်ကရင်ကျေးရွာရှိ ရဲစခန်းအား KNU/PDF ပူးပေါင်းတပ်ဖွဲ့ လာရောက်တိုက်ခိုက်ပြီးနောက် မသကႅာသူရွာသားများဖမ်းဆီးခံထားရပြီး အချို့ကို လက်နက်မှုနှင့် PDF ဆက်သွယ်မှုတို့ဖြင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။
သံဖြူဇရပ်မြို့မ ရဲစခန်းက စစ်ဆေးရာမှ သေနတ်တစ်လက်နှင့် PDF အား ဆက်သွယ်ထားသည့်သက်သေများရရှိထားသည်ဟု စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ပေါ် ရေးသားချက်အရ သိရသည်။
“ဇူလိုင်လ ၆ ရက်နေ့က မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံထားရသူ အောင်မျိုးဇော် (၄၁)နှစ် နှစ်ကရင်ကျေးရွာ၊ ရေးမြို့နယ်နေသူအား တာဝန်ရှိသူများမှ စစ်ဆေးစဥ် ၎င်း သိုဝှက် သိမ်းဆည်းထားသည့် ပစ္စတိုသေနတ် တစ်လက်နှင့် ကျည် ခုနစ်တောင့်အား ထပ်မံ သိမ်းဆည်းရမိခဲ့သည်” ဟု အမဲလိုက်မုဆိုးကြီး၏ တယ်လီဂရမ်အကောင့်တွင် ဖော်ပြသည်။
ထိုနောက် တာဝန်ရှိသူများမှ သက်သေများ ရှေ့မှောက်တွင် ဆက်လက်စစ်ဆေးရာ နှစ်ကရင်ကျေးရွာတွင် လှုပ်ရှားလျက်ရှိသည့် ပဒဲကော(ခ)သာခွီး ဦးဆောင်သော PDF အား အဖွဲ့နှင့် ဆက်သွယ်မှု ပြုလုပ်ခဲ့သည်ကို ထွက်ဆိုခဲ့ကြောင်း၊ အောင်မျိုးဇော်သည် PDF အဖွဲ့အား WY မူးယစ်ဆေးပြားများ၊ ရေသန့်ဗူးနှင့် ခြင်ဆေးခွေများ ထောက်ပံ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှုအား သတင်းပေးခြင်း၊ သိမ်းဆည်းရမိသည့် ပစ္စတိုသေနတ်နှင့် ကျည်များအား ငွေကျပ် ၁၅ သိန်းဖြင့် ဝယ်ယူကိုင်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ”ဟု ၄င်းအကောင့်တွင် ဆက်လက်ဖော်ပြထားသည်။
လက်ရှိတွင် နှစ်ကရင်ရွာသား ၁၅ ဦးခန့်ဖမ်းဆီးခံထားရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကာယကံရှင်များနှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသဖြင့် ကောင်းဝါသတင်းဌာနမှ သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“အောင်မျိုးဇော် ကို မူးယစ်ဆေးဝါးအမှုအပြင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများနဲ့ပါ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထို့အတူ ဇူလိုင်လ (၁၆) ရက်ကလည်း နှစ်ကရင်ကျေးရွာမှ ဝက်သားသတ်လုပ်ငန်းလုပ်ကိုင်သူ အသက် (၃၉) နှစ်အရွယ် ရဲနိုင်ဦး ဆိုသူနှင့် ၎င်း၏ အလုပ်သမားဖြစ်သူ အသက် (၄၁) နှစ်ရွယ် သိန်းခင် တို့နှစ်ဦးကိုလည်း တရားမဝင် လိုင်စင်မဲ့လက်နက်ကိုင်ဆောင်မှု နှင့် PDF အဖွဲ့နှင့် ဆက်သွယ်ခဲ့သည့်အတွက် အကြမ်းဖက်မှု ဥပဒေများဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ဝက်သားသတ်လုပ်ငန်းလုပ်ကိုင်သူ ရဲနိုင်ဦး မှာ (၂၀၂၂) ခုနှစ်အစောပိုင်းတွင် PDF အဖွဲ့များမှ လာရောက်၍ခြိမ်းခြောက်ကာ ငွေကျပ်သိန်း (၃၀) တောင်းခံရာမှ ငွေကျပ် (၁၇) သိန်းပေးဆေင်၍ တိမ်းရှောင်နေခဲ့သူဖြစ်ကြောင်း၊ ထို့နောက် PDF အဖွဲ့ ထပ်မံရန်ပြုမည်ကို စိုးရိမ်သဖြင့် အသိမိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်များဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထွက်ဆိုချက်ပေးထားကြောင်း သိရသည်။
ထို့နောက် ၎င်း၏အလုပ်သမားဖြစ်သူ သိန်းခင် ဆိုသူမှာ ဟင်းသီးဟင်းရွက်ရောင်းဝယ်လုပ်ခဲ့ရာမှ သိကျွမ်းခဲ့သည့် ပဒဲကော (ခ) သာခွီး ဦးဆောင်သော PDF အဖွဲ့နှင့် ရင်းနှီးခဲ့ပြီး ဝက်သားသတ်လုပ်ငန်းလုပ်ကိုင်သည့်နေရာတွင် နှစ်ကြိမ်တိုင်တိုင် နေထိုင်စေခဲ့ကြောင်း နှင့် နောက်ပိုင်းတွင် ဝက်သားလုပ်ငန်းပိုင်ရှင်ဖြစ်သူ ရဲနိုင်ဦး နှင့် မိတ်ဆက်ပေးခဲ့ပြီး ရင်းနှီးခဲ့သူဖြစ်ကြောင်းကို ထွက်ဆိုထားကြောင်း သိရသည်။
၎င်းအပြင် နှစ်ကရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးနေဝင်းမြင့် မှာလည်း ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက်က နှစ်ကရင်ကျေးရွာသို့ PDF များရောက်ရှိလာစဉ် လက်ခံတွေ့ဆုံခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာက ကျေးရွာအုပ်ချုပ်ရေးမှူးရာထူးမှ ဖြုတ်ချလိုက်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။
ဖမ်းဆီးခံထားရသော နှစ်ကရင်ရွာသားများကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းမြင့်ကိုလည်း မကြာခင်ရက်ပိုင်းက စစ်တပ်ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ယမန်နေ့က ၄င်းနေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း အိမ်နီးနားချင်းတစ်ဦးက ပြောသည်။
ဇွန်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော နှစ်ကရင်ရဲစခန်းတိုက်ပွဲတွင် စစ်လေယာဥ်ပါလာရောက်ပစ်ခတ်ခဲ့ရပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားသော နှစ်ကရင်ကျေးရွာမြောက်ပိုင်းရှိ အောင်မျိုးဇော်နေအိမ်၌ မူးယစ်သောက်စားနေသည့် လူငယ်တစ်စုကို စစ်တပ်က ညအချိန်သွားရောက်ဖမ်းဆီးမိရာမှ မူးယစ်ဆေးဝါးရောင်းချသုံးစွဲမှုနှင့် ဆက်နွယ်၍ KNU/PDF ဆက်သွယ်မှုများရှိနေသည်ဆိုသည့် သတင်းစကားများ ကျယ်ပြန့်စွာထွက်ပေါ်လာကြောင်း သိရသည်။