ကောင်းဝါ ဇူလိုင် (၁၇)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖော်ခရိုင်တောင်ခြေရှိ ဆီအုန်းနှင့် ရော်ဘာခြံအတွင်း ထိုင်းအလုပ်ရှင်တစ်ဦး နှင့် မြန်မာနိုင်ငံသားအလုပ်သမား (၃) ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရသည်ကို ဇူလိုင်လ (၁၆) ရက်က တွေ့ရှိခဲ့ကြရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
အခင်းဖြစ်ပွားရာနေရမှာ ချွန်ဖော်ခရိုင် ဆဝီဒေသရှိ လူသူအရောက်အပေါက်နည်းသော အာရှလမ်းမကြီး နှင့် (၁၅) ကီလိုမီတာခန့်အကွာ ရော်ဘာခြံအတွင်းရှိ အလုပ်သမားအဆောင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသား ရော်ဘာခြံပိုင်ရှင်မှာ သေနတ်ဖြင့် ပစ်သတ်ခံထားရသည်ကို နောက်တစ်နေ့နံနက်ပိုင်းတွင် သားဖြစ်သူမှ တွေ့ရှိခဲ့ပြီးနောက် နီးစပ်ရာရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
အသက် ၃၀-၅၀ နှစ်ကြားရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးနှင့် အသက် ၆၀ အရွယ် ထိုင်းနိုင်ငံသားခြံပိုင်ရှင် မစ္စတာ ပရာယွန်ဆွန်နွတ် (Prayong Somnuek) ၁ ဦးတို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့်ရုပ်အလောင်းများကို ရဲကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရော်ဘာခြံပိုင်ရှင်မှာ သေနတ်ဖြင့် အချက် (၂၀) ခန့်ပစ်ခတ်ခံထားရပြီး သေဆုံးချိန်မှာ အနည်းဆုံး (၁၀) နာရီခန့်ရှိနေပြီးဖြစ်ကြောင်း ဆေးစစ်ချက်တွင် ဖော်ပြသည်။
ခြံအတွင်းထပ်မံစစ်ဆေးခဲ့ရာ မြန်မာအလုပ်သမားတစ်ဦးမှာ ဆိုင်ကယ်တစ်စီးနှင့်အတူ မီးရှို့ခံထားရသည့် ပုံစံမျိုးတွေ့ရကြောင်း၊ ကျန်မြန်မာအလုပ်သမားနှစ်ဦးမှာမူ အလုပ်ဆောင်ရှေ့ နှင့် အခန်းအတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး၊ ၎င်းတို့နှစ်ဦး မှာ တခြားအလုပ်ရှင်တစ်ဦး၏ အလုပ်သမားများဖြစ်ကြသည်။
သေနတ်သမားမှာ သေနတ်အရှည်တစ်လက်ကိုကိုင်ဆောင်ကာ ခြံအတွင်းသို့ ဝင်ရောက်၍ မြန်မာအလုပ်သမားများကို တစ်ဦးချင်းလိုက်လံပစ်သတ်ခဲ့ပြီးနောက် ထိုင်းအလုပ်ရှင်က ထွက်ပြေးနေချိန်တွင် နောက်မှ လိုက်ကာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခံခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ဆိုသည်။
သေနတ်သမားမှာ ထိုအလုပ်ရှင်၏ ကားကို ခိုးယူထားပြီး ထွက်ပြေးလွတ်မြောက်နေကြောင်း၊ သံသယရှိသူမှာ ကပ်လျက်ခြံပိုင်ရှင် ဖြစ်နိုင်ကြောင်းကို ထိုင်းရဲတပ်ဖွဲ့က ကနဦးကောက်ချက်ချထားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ထိုင်းရော်ဘာခြံအလုပ်ရှင် နှင့် ခြံချင်းကလျက်ရှိသော ထိုင်းလူမျိုးရော်ဘာခြံပိုင်ရှင်တို့မှာ ညီအစ်ကိုယ်ဝမ်းကွဲကဲ့သို့တော်စပ်နေကြပြီး ယခင်က စကားငြင်းခုံခဲ့ကြဖူးပြီး ရန်ငြိမ်းရှိခဲ့ကြောင်းကို အသတ်ခံခဲ့ရသည့် ရော်ဘာခြံပိုင်ရှင်၏ သားဖြစ်သူက သတင်းထောက်များကို ပြောထားသည်။
ထို့အပြင် ကပ်လျက်ခြံပိုင်ရှင်က မြန်မာအလုပ်သမားများသည် ၎င်း၏ရော်ဘာပစ္စည်းများကို ခိုးယူသည်ဟု အကြိမ်ကြိမ်စွပ်စွဲပြီး အလုပ်သမားများကို ခြိမ်းခြောက်နှင်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ အလုပ်ရှင်ဖြစ်သူက ဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ခိုးယူသွားသော ကားမှာ စူရတ်ဌာနီခရိုင်တွင် ယာဉ်တိုက်မှုဖြစ်ထားသည့်အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့ရသော်လည်း သံသယတရားခံအား မတွေ့ရှိရသေးကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသည့် သံသယတရားခံအား ဆဝီဒေသရှိ နယ်မြေရဲစခန်းက ခြေရာခံစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။