ကောင်းဝါ-၂၀၂၃ ဇူလိုင် (၁၇)
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအနီးဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ကရင် KNU/PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲများအတွင်း အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ (၁၂) ရက် နံနက်စောစောပိုင်းမှစတင်ပြီး ငြိမ်းချမ်းမြိုင်ကျေးရွာတွင် မြန်မာစစ်တပ်၏ စစ်ကြောင်းထိုးလာသည့်အတွက် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့နောက် ဇူလိုင် (၁၄) ရက် နံနက်ပိုင်းက ပုလိန်ကျေးရွာ နှင့် ခလယ်ကျေးရွာအကြားရှိ မီးသွေးကုန်းဝန်းကျင်တွင် မြန်မာစစ်တပ်နှင့် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲအတွင်း ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်လိုက်ပါလာသည့်အရပ်သား အမျိုးသားနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကားပေါ်ပါလာတဲ့ ကျန်တဲ့သူတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကြားပေမယ့် အတိအကျတော့ မသိရဘူး” ဟု ပြောကြားသည်။
ခလယ်၊ တံခွန်တိုင်၊ ပုလိန်မြို့ဟောင်း နှင့် ငြိမ်းချမ်းမြိုင်ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ် နှင့် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ခလယ်တံခွန်တိုင်ကျေးရွာအနီးက ဘုရားငါးဆူကျေးရွာမှာ PDF စခန်းရှိတယ်ဆိုပြီးတော့ စစ်တပ်က စစ်ကြောင်းထိုးနေတာလို့ကြားသိရတယ်” ဟု ခလယ်-တံခွန်တိုင်ဒေသခံ တစ်ဦးက ပြောကြားသည်။
ထို့အပြင် ပုလိန်မြို့ဟောင်း၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း၊ ငြိမ်းချမ်းမြိုင် အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူထောင်နှင့်ချီပြီး စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။