ကောင်းဝါ-၂၀၂၃ ဇူလိုင် (၁၆)
တရုတ်ထိပ်တန်းသံတမန် ဝမ်ယိအား ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီးက သွားရောက်တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်တို့ သောကြာနေ့က သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် လက်ရှိမြန်မာ့အရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ဂျာကာတာမြို့မှလာသော သတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့နိုင်ငံရေး အခက်အခဲကို နိုင်ငံနည်းလမ်းနှင့်အဖြေရှာနိုင်ဖို့ အရှိန်မြင့်ကြိုးပမ်းရာမှာ တရုတ်နိုင်ငံကို အဓိက အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပေးဖို့ မျှော်လင့်ထားသည်ကို ပြောဆိုခဲ့ကြောင်း BNN Network က ရေးသားသည်။
တရုတ်ထိပ်တန်းသံတမန် ဝမ်ယိကလည်း မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ထိုင်းနိုင်ငံ၏ ချဉ်းကပ်မှုများအပေါ် ချီးကျူးထောက်ခံကြောင်း၊ တရုတ်နိုင်ငံက အာဆီယံ၏ စုစည်းညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်များကိုထိန်းသိမ်းနိုင်ဖို့ ထောက်ခံသွားမှာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ထို့ပြင် ပြင်ပကြားဝင်စွက်ဖက်မှုများ မြင့်တက်နေချိန်မှာ မြန်မာ့နိုင်ငံရေးအခက်အခဲကို ကိုယ်ပိုင်နည်းလမ်းနှင့် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေသည့် အာဆီယံအဖွဲ့ကိုလည်း အားပေးထောက်ခံသလို အာဆီယံဟာ မြန်မာ့နိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အဖွဲ့အစည်းအားလုံးလက်ခံနိုင်သော လမ်းပြမြေပုံကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ဝမ်ယိက ဆက်လက်ပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ပြီး နစကနိုင်ငံခြားရေးဝန်ကြီး ပါဝင်တက်ရောက်ခွင့်ရသည့် မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် သုံးကြိမ်တိုင်တိုင် လက်ခံကျင်းပခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အဆိုပါ မြန်မာ့အရေးဆောင်ရွက်ချက်များပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများရှိလာခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် ဇူလိုင်လ ၉ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် တရုတ်အထူးသံတမန်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။