ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၁၅)
သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်ရှိ ဘင်ကလန်ရေတံခွန်ပေါ်မှ ဇူလိုင်လ (၁၄) ရက်၊ မွန်းလွဲ (၂) နာရီအချိန်ခန့်က လူငယ်တစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သတင်းရရှိသည်။
ရေတံခွန်ပေါ်မှ ခြေချော်ကာ ပြုတ်ကျသေဆုံးသူခဲ့သူမှာ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် နေထိုင်သည့် အသက် (၂၁) နှစ်အရွယ် မောင်မျိုးသန့်ဇင် ဖြစ်ကြောင်း သိရသည်။
“ရေတံခွန်၏ အပေါ်ဘက်မှာ သူငယ်ချင်းများနဲ့ အတူဓာတ်ပုံရိုက်နေတဲ့အချိန်မှာ ခြေချော်ပြီး ပေ (၁၀၀) လောက်အမြင့်ရှိတဲ့ ရေတံခွန်ပေါ်ကနေ ရေစီးလမ်းကြောင်းအတိုင်း အောက်ကရေကန်ကြီးထဲကိုအရှိန်နဲ့ ပြုတ်ကျသွားတာလို့ သိရတယ်” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။
ရေတံခွန်ပေါ်မှပြုတ်ကျခဲ့သူအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း မှ ရှာဖွေကယ်ဆယ်ရေးသမားများက မွန်းလွဲ (၃) နာရီခွဲမှစတင်၍ရေငုပ်ရှာဖွေခဲ့ရာ ညနေ (၅) နာရီအချိန်ခန့်တွင် Deadbody အား ရေတံခွန်အောက်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်းညသိရသည်။
“သေဆုံးသူမှာ ရေတံခွန်ပေါ်က ပြုတ်ကျတဲ့အရှိန်နဲ့ ရေတံခွန်က ကျောက်တုံးနဲ့ထိခိုက်မိပြီး ဦးခေါင်းကွဲအက် ဒဏ်ရာနဲ့ ပေါင်ကျိုးဒဏ်ရာတွေနဲ့ရခဲ့တာတွေ့ရပါတယ်။ Deadbody ကို စနစ်တကျ ထုတ်ပိုးပြီးတော့ ဘင်ဂလန် ရေတံခွန်ကနေ ဖောင်စိန်ရပ်ကွက်ကို ခြေလျင် ထမ်းသယ်ထုတ်ခဲ့ရပါတယ်။ ဖောင်စိန်ရပ်ကွက်မှတဆင့် ကမာဝက်တိုက်နယ်ဆေးရုံ မှာရှိတဲ့ ရင်ခွဲရုံသို့ ဗြဟ္မဝိဟာရ အသင်းကလူနာတင်ယာဥ်နဲ့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်” ၎င်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က ဆက်လက်ပြောကြားသည်။
ယမန်နှစ် ဇူလိုင်လ (၁၂) ရက် (ဝါဆိုလပြည့်နေ့) မွန်းလွဲပိုင်းအချိန်ကလည်း အဆိုပါ ဘင်ဂလန်ရေတံခွန်တွင် မော်လမြိုင်မြို့မှ လူငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ သေးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
Photo Credit – စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း