ကောင်းဝါ-၂၀၂၃ ဇူလိုင် (၁၅)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာမှာ အသက် (၁၂) နှစ်အရွယ် နွားကျောင်းသားတစ်ဦးမှာ ဇူလိုင်လ (၁၄) ရက် နံနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက “နွားကျောင်းသား မောင်အေးချမ်းသခင် မှာ ဘယ်ဘက် ခြေထောက်နဲ့ ပေါင်များတွင် ပြင်းထန်ဒဏ်ရာရရှိပြီး သေဆုံးခဲ့တာပါ။ သူ့အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ပ သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်” ဟု ဆက်ပြောကြားသည်။
မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သူမှာ မောင်အေးချမ်းသခင် ဆိုသူဖြစ်ကြောင်း၊ ယမန်နေ့ နံနက် (၆) နာရီအချိန်ခန့်က နွားကျောင်းထွက်စဉ် ဝါးဒတ်ကွင်းကျေးရွာနှင့် ကညင်အိုင်ကြားရှိ သုံးခွကျေးရွာအုပ်စု၊ အရိုးအိုးလမ်းဆုံအရောက်တွင် မြေမြှုပ်မိုင်းနင်းမိပြီး မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်းသခင်၏ ရုပ်အလောင်းအား ယနေ့ (ဇူလိုင်လ ၁၅ ရက်) တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ် နှင့် ရေးမြို့နယ်များအတွင်း ဒေသခံပြည်သူများမကြာခဏ မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ရှိနေကြောင်း သတင်းများက ဖော်ပြနေသည်။