ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၁၅)
ရှမ်းပြည်နယ် တာချိလိတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် နိုက်ကလပ်အလုပ်လာလုပ်ရန် ကမ်းလှမ်းခံရသည့် ထိုင်းနိုင်ငံမှအမျိုးသမီး (၄) ဦးတို့ ပြည့်တန်ဆာလုပ်ရန် အတင်းအကြပ် စေခိုင်းခံရသဖြင့် အကူအညီများရရှိရန် Facebook ပေါ်တွင် အကူအညီတောင်းခံခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။
NinJa ToDay ဆိုသည့် ထိုင်းအမျိုးသမီးတစ်ဦး၏ Facebook မှ ၎င်း၏ မှတ်ပုံတင်ကဒ်ကိုပြသကာ ငိုယိုပြီး အကူအညီ တောင်းခံနေသည့်ဗီဒီယိုကို တင်ခဲ့ကြောင်း တွေ့ရသည်။
“ကျွန်မဟာ Isaan ဒေသ Ubon Ratchathani မြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ကျွန်မနဲ့ သူငယ်ချင်းသုံးယောက်ဟာ လက်ရှိအချိန်မှာ လိင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ အတင်းအကျပ်ခိုင်းစေခံနေရပါတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံ တာချီလိတ် မြို့မှာရှိတဲ့ နိုက်ကလပ်တစ်ခုမှာ အလုပ်လုပ်ဖို့အတွက် ငှားရမ်းခံခဲ့ရတာပါ။ ဒါပေမယ့် ဇွန်လတည်းက Mong Pawk မြို့မှာရှိတဲ့ ပြည့်တန်ဆာအိမ်မှာ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ဖို့ အတင်းအကြပ်ဖိအားပေးစေခိုင်းခံခဲ့ရပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေရော၊ ပုဂ္ဂလိက အဖွဲ့အစည်းတော်တော်များကိုလည်း အကူအညီတောင်းခံခဲ့ပေမယ့် သူတို့က စောင့်ဆိုင်းဖို့ပဲ ပြောခဲ့ပါတယ်” ဟု အဆိုပါ ဗီဒီယိုထဲတွင် ပြောဆိုခဲ့သည်။
အသက်(၃၅)နှစ်အရွယ် Kae ဆိုသည့် ထိုင်းအမျိုးသမီးက ၎င်းသည် TikTok App မှတစ်ဆင့် အလုပ်အကိုင်အေးဂျင့်ကို ချိတ်ဆက်မိခဲ့ကြောင်း၊ အလုပ်လုပ်ကိုင်ရမည့်နေရာသည် ထိုင်းနယ်စပ်မှ (၁၀) မိနစ်ခန့်သွားလာရမည့် နေရာတွင်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေး နေရာထိုင်ခင်းနှင့် အစားအသောက်အားလုံးကို အခမဲ့ပေးမည်ဟု အဆိုပါအေးဂျင့်က အာမခံခဲ့ကြောင်း Kae က ပြောကြားခဲ့သည်။
ထို့နောက် ၎င်းတို့ ၄ ဦး မြန်မာနိုင်ငံသို့ရောက်ရှိလာချိန်တွင် အေးဂျင့်က မော်တော်ဆိုင်ကယ်ဖြင့် တာချီလိတ်မြို့တွင်းသို့ လိုက်ပို့ခဲ့ပြီးနောက် ကားဖြင့်တောင်ပေါ်ဒေသတစ်ခုသို့ ခြောက်နာရီကြာ ထပ်မံသွားခဲ့ရပြီး ပြည့်တန်ဆာအိမ်သို့ ရောက်ရှိသွားကြောင်း၊ ၎င်းတို့သည့် ဖြားယောင်းသွေးဆောင်ခံရသည်ကို နောက်ကျမှသိရှိခဲ့သဖြင့် လွန်ဆန်၍ မရသည့်အခြေအနေဖြစ်ကြောင်း ၊ ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်သွားချင်လိုပါက ပြန်ပေးငွေကို ပေးရမည်ဟု တရုတ်အမျိုးသားတစ်ဦးက ပြောကြားခဲ့ကြောင်း Kae က ပြောဆိုထားသည်။
အဆိုပါ အမျိုးသမီးများ၏ နေရပ်ဇာတိ ထိုင်းနိုင်ငံ Ubon Ratchathani ခရိုင် ရဲစခန်း တာဝန်ရှိသူက အဆိုပါ အမျိုးသမီးများကို ကယ်ဆယ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်သွာရန်အတွက် ထိုင်းရဲတပ်ဖွဲ့က အဆင်သင့်ရှိနေကြောင်း၊ သို့ရာတွင် အဆိုပါ ပြန်ပေးငွေကို တရုတ်နိုင်ငံသားအား မပေးနိုင်မချင်း ၎င်းတို့ ၄ ဦးစလုံးသည် မြန်မာနိုင်ငံတွင် ဆက်လက် ပိတ်မိနေဦးမည်ဖြစ်ကြောင်း သိရသည်။