ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၂၃)
မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းအစိုးရအနေဖြင့် အာဆီယံမူဘောင်ကို ကျော်လွန်လုပ်ဆောင်နေကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဝေဖန်ပြစ်တင်ခံခဲ့ရသည်ဟု အာဆီယံသံတမန်အရင်းမြစ်များက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးသွားရောက်ခဲ့ခြင်းသည် အခက်အခဲတွေကိုအဖြေရှာဖို့ အောင်မြင်မှုတစ်ရပ်အနေဖြင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲကြေညာချက်ထဲမှာ ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပေ။
ဇူလိုင် ၁၂ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအပြင် မလေးရှား၊ စင်ကာပူနိုင်ငံတို့က ထိုင်းနိုင်ငံ၏ချဉ်းကပ်ဆောင်ရွက်မှုအပေါ် နှစ်သက်ခြင်းမရှိတဲ့အတွက် ပူးတွဲကြေညာချက်ထုတ်ပြန်ရန် နှောင့်နှေးခဲ့ရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြီးဆုံးသော်လည်း ကြေညာချက်ကို ချက်ချင်း ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ဇူလိုင် ၁၃ ရက်နေ့မှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခြင်း ဖြစ်သည်။
အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ အာဆီယံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကျင့်သုံးမည့်အချက်နှင့် မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားနေခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း အဓိက ဖော်ပြထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ဇူလိုင် ၉ ရက်နေ့မှာ မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သည်ကို
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ဆောင်ရွက်ချက်ကို အပြုသဘောဆောင်သည့် တိုးတက်မှုအဖြစ် ရှုမြင်ကြောင်း၊ သို့ရာတွင် အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများက တိုက်တွန်းခဲ့သည်။
ယင်းကဲ့သို့ အကြိတ်အနယ်ဆွေးနွေးပြီးကာမှ ထွက်ပေါ်လာသော အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် မြန်မာ့နိုင်ငံ ရေးအခြေအနေကို အဖြေရှာနိုင်နိုင်ရေး ခိုင်မာသည့်တိုးတက်မှုမျိုး မတွေ့ရှိခဲ့ကြောင်း လေ့လာသူများက ရူမြင်သုံးသပ်ကြသည်။