ကြာအင်းဆိပ်ကြီး ဇူလိုင် (၁၄)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ် – တံခွန်တိုင်ကျေးရွာအနီးဝန်းကျင်၎၌ ယနေ့ နံနက် (၉) နာရီအချိန်ခန့်မှစတင်ကာ စစ်ကောင်စီတပ် နှင့် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ခလယ်၊ တံခွန်တိုင်း၊ ပုလိန်မြို့ဟောင်း နှင့် ငြိမ်းချမ်းမြိုင် အစရှိသည့် ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ခလယ် – တံခွန်တိုင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတာပါ။ မုဒုံမြို့နယ် အဘစ်ကျေးရွာမှာရှိတဲ့ အမြောက်တပ်ကလည်း ခလယ် – တံခွန်တိုင်ဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကိုပစ်ခတ်နေတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အမြောက်တပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း နှင့် ထိုသို့လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် တိမ်းရှောင်နေရသည်မှာ ရက် (၂၀) နီးပါးရှိနေပြီးဖြစ်ကြောင်း တံခွန်တိုင်ကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်း၊ နန်းသိုင်းထွန်း အစရှိသော ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။