အယ်ဒီတာ့အာဘော်
ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၃)
မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငါ့စကားကြောင့်သာ နွားရသည် တစ်ဖက်သတ် ဇွတ်တရွတ် ယူဆပြောဆိုသကဲ့သို့ ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်လိုရာချည်းဆွဲ၍ တစ်ဖက်သတ် ဇွတ်တရွတ် ပြောဆိုနေကြသည်ကို မြန်မာစကားပုံတွင် ငါ့စကား နွားရဟု ဆိုစမှတ်ရှိခဲ့သည်။
မြန်မာနိုင်ငံသားအချင်းချင်း ငြိမ်းချမ်းရေးရယူနိုင်ရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား စုစည်းညီညွတ်မှုရယူနိုင်ဖို့ အတော်လေးရုန်းကန်နေကြရပြီး လက်ရှိ ဂျာကာတာမှာ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ကြေညာချက်ကိုလည်း ချက်ချင်းထုတ်ပြန်နိုင်ခြင်းမရှိဘဲ အက်ကြောင်းတွေကသာ ပိုပြီးသိသာထင်ရှားစွာ မြင်တွေ့လာရသည်။
အာဆီယံအနေဖြင့် မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရာမှာ အင်ဒို၊ မလေး၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့အုပ်စုကို ကျွန်းအာဆီယံ(ရေ-အာဆီယံ) ဟု လေ့လာသူတစ်ချို့က သမုတ်ထားသည်။
အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား ကိုယ်တိုင်ကလည်း မြန်မာအရေးကို Asean Track 1,2,3, ဆိုပြီး တိတ်ဆိတ်သည့်နည်းနာဖြင့် SAC, NUG, EAO, ERO, PDF, သက်ဆိုင်ရာ Stakeholders နိုင်ငံရေးသမားများ၊ တိုင်းရင်းသားများ၊ ဥာဏ်ကြီးရှင် Think-Tank တို့နှင့် မျက်နှာဘက်ပေါင်းစုံဖြန့်ကျက်ထားပြီး အကြိမ် ၁၀၀ ထက်မကသော ချဥ်းကပ်ဆွေးနွေးမှုများမှ ဆုပ်ကိုင်ပြသနိုင်သည့်အဖြေ လုံးဝထွက်မလာသေးပေ။
တဖက်မှာလည်း ကုန်းအာဆီယံဟု သမုတ်ခံထားရသည့် ထိုင်း၊ လာအို၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်နှင့် မြန်မာတို့အုပ်စုတွင် ထိုင်းက ဦးဆောင်နေပြီး Asean track 1.5 ခေါင်းစဥ်ဖြင့် တရုတ်နှင့် အိန္ဒိယတို့ကိုပါ စွဲဆောင်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြောဆိုနိုင်သည်အထိဖြစ်လာပြီး လက်ရှိဂျာကာတာအစည်းအဝေးတွင် အောင်နိုင်သူကြီးပမာ ငါ့စကားနွားရ ပြောပါတော့သည်။
ချုပ်လိုက်လျင် လက်ရှိ ဂျာကာတာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပေါ် မိမိတို့မြန်မာနိုင်ငံအရေးကို လှမ်းမျှော်ကြည့်ပါက ကျွန်းအာဆီယံနှင့် ကုန်းအာဆီယံတို့အကြား ငါ့စကားနွားရ ဆွေးနွေးပြောဆိုနေကြရင်းနှင့်ပင် အချိန်သာကုန်သွားမည်ဖြစ်သည့်အတွက် “လေအာဆီယံ” ဟုသာ ထပ်ပြီး သမုတ်လိုက်ချင်ပါတော့သည်။