ကောင်းဝါ ၂၀၂၃ ဇူလိုင် ဇူလိုင် ၁၃
ပအိုဝ်းအထူးဒေသ (၆) ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ကျေးရွာများအတွင်း PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့က တပ်သားသစ်များစုဆောင်းနေပြီး စစ်လက်နက်ထောက်ပံ့ကြေးကိုပါ ကောက်ခံနေကြောင်း သတင်းရရှိသည်။
ကျေးရွာအကြီးအသေးပေါ်မူတည်၍ တစ်ရွာလျင်တပ်သားသစ် ၂ ဦးမှ ၅ ဦးအထိ စုဆောင်းနေပြီး လက်နက်တစ်လက်တန်ဖိုး ကျပ်သိန်း ၂၀၀ ခန့် ကျေးရွာအလိုက် ကောက်ခံနေသည်ဟု သိရသည်။
“PNO ပြည်သူ့စစ်က တစ်ရွာ ၂ ယောက်ကနေ ၅ ယောက်အထိ တပ်သားသစ် စုနေနေတယ်၊ အဲဒီလူသစ်တွေအတွက် လက်နက်ဖိုးကိုပါ ရွာတွေကနေ ငွေပေးရတာ၊ လက်နက်တွေကို ကိုယ့်ရွာအနေနဲ့ ဝယ်လို့လည်းရတယ် သူတို့ကိုဝယ်ခိုင်းလည်းရတယ်” ဟု ပင်လောင်းမြို့နယ်သားတစ်ဦးက မီဒီယာများကို ပြောဆိုခဲ့သည်။
ပအိုဝ်းအထူးဒေသ(၆) နယ်မြေကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသူများကို အခြေခံစစ်ပညာများသင်ကြားပေးပြီး လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းသွားမည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ယမန်နှစ် ဇူလိုင်လတွင် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။
လက်ရှိပကတိအခြေအနေအရ အထူးဒေသ(၆)၏ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် အဆိုပါဒေသတွင် နေထိုင်သူများ၏ အသက်အိုးအိမ်စည်းစိမ်းများအပေါ် အန္တရာယ်များ ကျရောက်လာနိုင်သည့်အခြေအနေသို့ ရောက်ရှိနေသည့်အတွက် ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအန္တရာယ်များကို ကာကွယ်သွားနိုင်ရေးအတွက် မူလပအိုဝ်းအမျိုးသားခေါင်းဆောင်များ ချမှတ်ထားသည့် အမျိုးသားဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားများကို ပိုမိုခိုင်မာအောင် ပြည်လည်တည်ဆောက်မည်ဖြစ်ကြောင်း၊ ဒေသကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသူများအား အခြေခံစစ်ပညာများကို လေ့ကျင့်သင်ကြားပေးပြီး စည်းကမ်းပြည့်ဝသည့် လုံခြုံရေးတပ်ဖွဲ့များကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသအတွင်း မှုးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုများကို ကင်းဝေးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အထူးဒေသ (၆)အတွင်း နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် ဒေသတည်ငြိမ်ရေးအတွက် ကာကွယ်ရေးလုပ်ငန်း စဉ်များတွင်အတူလက်တွဲ ဆောက်ရွက်ကြရန်ကိုလည်း တိုက်တွန်းကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ထားသည်။
ထို့ပြင် ပအိုဝ်းအမျိုးသားများ၏ ရည်မှန်းချက်များဖြစ်သော “ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ” ရရှိအောင်လည်း ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး ၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည် ဆောက်ရေးလုပ်ငန်းစဉ်တို့တွင် အကြမ်းမဖက်သော နည်းလမ်း၊ ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် နည်းလမ်းတို့ဖြင့် နိုင်ငံတော်အစိုးရ၊ အခြားညီနောင် တိုင်းရင်းသား များနှင့်အတူ စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။