ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၂)
ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာမီက တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်းက လက်ရှိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပနေသော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် ကျိုဒိုသတင်းဌာန KYODO NEWS က သတင်းဖော်ပြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ (ဇူလိုင် ၉) နေ့တွင် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကားကိုလည်း ယမန်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖတ်ကြားနိုင်ကြောင်း ယူဆစရာရှိသော်လည်း အသေးစိတ်ကို မသိရသေးပေ။
ထို့အတူ မကြာခင် သက်တမ်းကုန်ဆုံးတော့မည့် ထိုင်းအိမ်စောင့်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ နေပြည်တော်သို့ တိတ်တဆိတ်သွားရောက်ခဲ့သည့် ထိုခရီးစဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသေးပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် နိုင်ငံတကာသံတမန်တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခြင်းဖြစ်သည်။