ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၂)
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေး၀န်ကြီး ဒွန်ပရာမုဒ်ဝီနိုင်းက မြန်မာနိုင်ငံသို့ ဇူလိုင် ၉ ရက်နေ့တွင် နေပြည်တော်သို့ နေ့ချင်းပြန်ခရီးလှို့ဝှက်လာရောက်ပြီး အကျဥ်းကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်ကို ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုက တိုကျိုအခြေစိုက် PanOrient News သို့ ပြောကြားခဲ့ကြောင်း ၄င်းတို့၏ ဝဘ်ဆိုဒ်သတင်းစာမျက်နှာတွင် ဇူလိုင် ၁၁ နေ့စွဲဖြင့် သတင်းဖော်ပြသည်။
အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ နေပြည်တော်ရှိ မြန်မာစစ်ဘက်အသိုင်းအဝိုင်းကို VOA က အတည်ပြုနိုင်ခဲ့သည်ဟု သတင်းဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် အာဆီယံ အစည်းအဝေး မကျင်းပမီ တစ်ရက်အလိုတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ထိုင်းစစ်လေယာဥ်ဖြင့် အသွားအပြန် ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု သတင်းအရင်းမြစ်များက ဖော်ပြနေသည်။
အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထောက်ခံအသိအမှတ်ပြု၊ မပြုဆိုသည့်အချက်အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး သိလိုနေသည်ဟု အကဲခတ်အချို့က ယူဆပြောဆိုနေကြသည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးစီး၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ ပြီးခဲ့သည့် ဇွန်လတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ယမန်နေ့က စတင်ကျင်းပနေပါပြီး မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ရလဒ်တစုံတရာ ထွက်ပေါ်လာဖို့ မမျှော်လင့်နိုင်ကြောင်းနှင့် အာဆီယံ အနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိကြောင်း လေ့လာသုံးသပ်သူတချို့က သုံးသပ်ထားသည်။