ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၂)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နှင့် မြန်မာနယ်စပ်ကြားရှိ တရားမဝင်တရုတ်စီးပွားရေးလုပ်ငန်းများအား နှိမ်နင်းရန် ထိုင်းနိုင်ငံအစိုးရက အင်တာနက်ချိတ်ဆက်မှုအား ဖြတ်တောက်မည်ဖြစ်ကြောင်း ထိုင်းဘက်မှ လာသည့် သတင်းများ အရ သိရသည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် Call Centre လိမ်လည်ခေါ်ဆိုမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားအသံလွှင့်၊ ဆက်သွယ်ရေးကော်မရှင် NBTC နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းကို ဒုတိယအမျိုးသားရဲချုပ် ဗိုလ်မှူးကြီး Surachate Hakparm က ဇူလိုင်လ (၁၁) ရက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်ရှိ ကျေးကျွန်များကဲ့သို့ စေခိုင်းခံနေရသည့် အခြေအနေများရှိသည့် အဆိုပါ Call Centre များတွင်အလုပ်လုပ်ရန် ထိုင်းနိုင်ငံသားများ လိမ်လည်လှည့်ဖျားခြင်းခံနေရကြောင်း ဒုတိယအမျိုးသားရဲချုပ်က ဆိုသည်။
ထိုလိမ်လည်မှု အများစုမှာ ထိုင်း – မြန်မာနယ်စပ်တွင် အခြေစိုက်ထားကြောင်း နှင့် အင်တာနက်ချိတ်ဆက်ထားမှုအား ဖြတ်တောက်မည့်ကိစ္စအား မြန်မာနှင့် တရုတ်နှစ်နိုင်ငံ အာဏာပိုင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင် တရုတ်စီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာနေရာများတွင် ရာဇဝတ်ကောင်များဖမ်းမိနိုင်ရေးအတွက်ကိုလည်း တိုင်းရင်းသားအုပ်စုများနှင့်လည်း သဘောတူညီမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး Surachate Hakparm က ပြောကြားထားကြောင်း သိရသည်။
တာ့ခ်ခရိုင်နယ်စပ်တွင် အင်တာနက်တာဝါတိုင်ပေါင်း ၁၇၃ ခုရှိပြီး Mae Ramat ၊ Mae Sot ၊ Phop Phra စသည့် ခရိုင်များကိုလည်း ချိတ်ဆက် ဖြန့်ကျက်ထား သိရသည်။