ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၁)
လက်ရှိထိုင်းနိုင်ငံ၏ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာ အနေဖြင့် ယနေ့ (ဇူလိုင် ၁၁) ရက်တွင် နိုင်ငံရေးမှ အနားယူကြောင်း ကြေညာခဲ့သည်။
ဘန်ကောက်ပို့စ် သတင်းစာက “အခုအချိန်ကစပြီးတော့ ကျွန်တော် နိုင်ငံရေးက အနားယူပါပြီ၊ ညီညွတ်သော ထိုင်းအမျိုးသားများပါတီကနေလည်း နုတ်ထွက်ပြီးပါပြီ” ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ရာထူးသက်တမ်း ကိုးနှစ်အတွင်း “ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ နိုင်ငံအကျိုးအတွက်၊ သာသနာနဲ့ ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးကြိုးစားစား လုပ်ခဲ့တယ်၊ အောင်မြင်မှုများစွာ ရရှိခဲ့တယ်”ဟု ဆိုသည်။
လက်ရှိထိုင်းလွှတ်တော်အတွင်း အစိုးရသစ်မဖွဲ့မချင်း အသက် ၆၉ နှစ်ရှိ ဗိုလ်ချုပ်ကြီး ပရာယွတ်က အိမ်စောင့်ဝန်ကြီးချုပ်အဖြစ်လည်း ဆက်ရှိနေမည်ဖြစ်သည်။
သဘက်ခါ ဇူလိုင် ၁၃ ရက် (ကြာသပတေးနေ့) တွင် ထိုင်းလွှတ်တော်သစ်မှ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကို စတင်ရွေးချယ်ကြမည်ဖြစ်သည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိထားသော Move Forward ပါတီဥက္ကဌ Pita Limjaroenrat ထိုင်းနိုင်ငံဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေသော်လည်း ၄င်းသည် ဘုရင်စနစ်ကို ပြောင်းလဲလိုသူဖြစ်ပြီး ၄င်းပါတီ၏ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံကို အန္တရာယ်ပေးနိုင်သည်ဟုလည်း ထိုင်းလွှတ်တော်အမတ်အချို့က ဝေဖန်ထားသည်။
သို့ရာတွင် Pita အတွက် သေချာပေါက် ဝန်ကြီးချုပ်ဖြစ်ရေး ၃၇၆ မဲရရန်အတွက် ၆၅ မဲ လိုနေသေးသည်။ ၄င်းသည် ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ် ပါတီများနှင့် မပူးပေါင်းကြောင်း ပြောထားသောကြောင့် အထက်လွှတ်တော်မှ မဲတတ်နိုင်သမျှများများ ရရှိရန်မှတပါး အခြားရွေးစရာ လမ်းမရှိတော့ပေ။
Source; Bangkok Post;