ကောင်းဝါ၊ ၂၀၂၃ ဇူလိုင် (၁၀)
KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း (၂၀၂၂) ခုနှစ် ဇူလိုင်လ မှ (၂၀၂၃) ခုနှစ် ဇွန်လအထိ ပြီးခဲ့သည့် တစ်နှစ်အတွင်း စစ်ဘေးရှောင်အိမ်ထောင်စု (၅၄,၄၉၄) စုရှိပြီး၊ လူဦးရေ (၂၆၉,၆၃၁) ဦးအတွက် လိုအပ်သည်များကို ကူညီထောင်ပံ့ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ (၅၉၉,၄၀၀) ဦးအထိ ရှိလာသည့်အတွက် စစ်ဘေးရှောင်ပြည်သူလူထုများမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဇူလိုင် (၉) ရက်စွဲဖြင့် ကေအဲန်ယူ (ဗဟို) က ထုတ်ပြန်ထားသည်။
သို့ရာတွင် ယခုအချိန်ကာလသည် မိုးရာသီဖြစ်သည့်အလျှောက် စစ်ဘေးရှောင်ပြည်သူလူထုများအတွက် နေရာထိုင်ခင်းအတွက် အမိုးအကာများနှင့် စားနပ်ရိက္ခာ မလုံလောက်မှု အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်ချက်ရှိကြောင်း သိရသည်။
ထို့အတူ (၂၀၂၃) ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ KNLA နှင့် KNDO တို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်းတပ်ဖွဲ့များနှင့် နစကစစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း (၂၄၉၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) မှ သတင်းထုတ်ပြန်ခဲ့သည်။