ကောင်းဝါ၊ ၂၀၂၃ ဇူလိုင် (၁၀)
ယနေ့နံနက်အစောကပိုင်းက ဘားအံ – သထုံကားလမ်းပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတားပေါ်မှ ခရီးသည်တင်မှန်လုံယာဉ်မျညး၊ ကုန်တင်ယာဉ်ကြီးများအား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရဿည့် တံတားပေါ်မှ ဆိုင်ကယ်နှင့် အိမ်စီးကားငယ်များအား နံနက် (၉) နာရီခွဲအချိန်ခန့်တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုထားခဲ့ပြီးနောက်၊ မွန်းလွဲ (၁၂) နာရီခွဲအချိန်ခန့်တွင် ကုန်တင်ယာဉ်များအား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက “တံတားကိုတာဝန်ရှိသူတွေလာပြီး စစ်ဆေးပြီးတဲ့အချိန်မှာ ဖြတ်သန်းခွင့်ပြုခဲ့တာလို့ သိရတယ်။ ပျက်ဆီးထိခိုက်မှုနည်းတဲ့ဘက်ခြမ်းကနေ ကားကြီးတွေကတေ့ တစ်စီးပြီးမှ တစ်စီးဖြတ်သန်းခွင့်ပြုထားတယ်” ဟု ဆိုသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတားမှာ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ဂူဝကျေးရွာအနီး နှင့် ဝါးဘိုးတော နှင့် ဘုရင့်ညီဂူကြား ဘားအံ – သထုံကားလမ်းပေါ်ရှိ တံတားအမှတ် (၁/၁၃) ဖြစ်ကြောင်းနှင့် ယနေ့နံနက် (၁) နာရီဝန်းကျင်အချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
မိုင်းပေါက်ကွဲသည့်အရှိကြောင့် တံတးအောက်ခြေတိုင်များ၊ တံတားလက်ရမ်းများ ပျက်ဆီးခဲ့သည့်အပြင် တံတားကြမ်းခင်းတွင်လည်း အက်ကွဲကြောင်းများ ဖြစ်သွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသည့် တံတားမှာ မြဝတီ – ဘားအံ – သထုံ – ရန်ကုန် ကုန်သွယ်ရေးလမ်ကြောင်းပေါ်တွင်တည်ရှိနေသည့် ပေ (၆၀) ခန့်ရှိတံတားတစ်စင်းဖြစ်သည့်အပြင် ဘားအံ – သထုံကားလမ်းပိုင်းတွင် အရှည်ဆုံးတံတားတစ်စင်းဖြစ်သည်။