ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၁၀)
ကရင်နှင့် မွန်ပြည်နယ်ကိုဆက်သွယ်ထားသော ဘားအံ – သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်းမှာ ယနေ့ (ဇူလိုင် ၁၀) နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး ယာဉ်များသွားလာ၍မရတော့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတားမှာ ဘားအံမြို့နယ် နောင်ကျန်ကျေးရွာအုပ်စု ဂူဝကျေးရွာအနီး၊ ဝါးဘိုးတော နှင့် ဘုရင့်ညီဂူ ကြား ဘားအံ – သထုံကားလမ်းပေါ်ရှိ တံတားအမှတ် (၁/၁၃) ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတား မှာ မြဝတီ – ဘားအံ – သထုံ – ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့် တံတားတစ်စင်းဖြစ်သည့်အတွက် လက်ရှိအချိန်တွင် ဘားအံဘက်မှ သထုံဘက်သို့သွားမည့် မော်တော်ယာဉ်ကြီးများ ရပ်တန့်ထားရကြောင်း နှင့် ယာဉ်ငယ်များမှာမူ မော်လမြိုင်ဘက်မှ လှည့်ကာ သွားလာနေကြကြောင်း ကားသမားများက ပြောသည်။
ကားသမားတစ်ဦးက “တံတားက ယိုင်နဲ့နေသလိုဖြစ်သွားပြီး။ တံတားက ပြိုကျနိုင်တဲ့အတွက် ဆိုင်ကယ်တောင် ပေးမဖြတ်တော့ဘူး” ဟု ဆိုသည်။
ယနေ့နံနက်စောစော (၁) နာရီဝန်းကျင်အချိန်ခန့်က ပေါက်ကွဲသံကြားရကြောင်း နှင့် မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် တံတားအောက်ခြေ နှင့် တံတားလက်ရမ်းများ ပျက်ဆီးခဲ့သည့်အပြင် တံတားကြမ်းခင်းတွင်လည်း အက်ကွဲကြောင်းများ ဖြစ်သွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
သို့ရာတွင် တံတား၏အခြေအနေကို သက်ဆိုင်ရာမှ လာရောက်စစ်ဆေးပြီးနောက် လက်ရှိတွင် မော်တော်ဆိုင်ကယ် နှင့် အိမ်စီးကားလေးများအား ပြန်လည် ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါ မိုင်းခွဲခံရသည့်တံတားသည် မြဝတီ၊ ဘားအံ၊ ကျိုက်ထို၊ ကမာစဲမှတစ်ဆင့် ရန်ကုန်မြို့သီလဝါ (SEZ) တွင် အဆုံးသတ်မည့် East West Economic Cooridor (EWEC) လမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။