ကောင်းဝါ၊ ၂၀၂၃ ဇူလိုင် (၁၀)
ပေါင်မြို့နယ် မြလေးချောင်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်၏နေအိမ်၌ ထားရှိသော လက်နက် ၆ လက်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇူလိုင်လ (၉) ရက် ညပိုင်းတွင် လာရောက်ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ည (၇) နာရီဝန်းကျင်အချိန်ခန့်က မြလေးချောင်ကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ အသက် (၆၈) နှစ်အရွယ် ဦးရွှေမြ ဆိုသူ၏အိမ်နေသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က VIGO အမျိုးအစား ခဲရောင်နှစ်ခန်းတွဲယာဉ်ဖြင့် ရောက်ရှိလာပြီး၊ ဦးရွှေမြ အားသေနတ်ဖြင့်ချိန်ကာ နေအိမ်အိပ်ခန်းအတွင်း ထားရှိသော လက်နက်ခဲယမ်းများအား ယူဆောင်သွားကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်ကိုင်ကိုင်တွေက VIGO ကားနဲ့ ဒေးဗရိန်း – သဗြုချောင်ကျေးရွာဘက်ကနေ မြလေးချောင်ရွာထဲကို ဝင်လာကြတာ။ အင်အား (၁၅) ယောက်လောက်ရှိမယ်။ ပြီးတော့ ဦးရွှေမြ ရဲ့အိမ်ထဲကိုဝင်သွားပြီးတော့ လက်နက်တွေယူပြီး လာရာလမ်းအတိုင်းပြန်ထွက်သွားကြတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမြ ၏ နေအိမ်မှ စတင်းသေနတ် (၁) လက်၊ M -22 သေနတ် (၁) လက်၊ ရိုင်ဖယ်သေနတ် (၄) လက် စုစုပေါင်း သေနတ် (၆) လက် နှင့် ခဲယမ်းများ၊ ဦးရွှေမြ၏ လက်ကိုင်ဖုန်းတို့အား လက်နက်ကိုင်များက ယူဆောင်သွားကြသည်ဟု သိရသည်။