ကောင်းဝါ-၂၀၂၃ ဇူလိုင် (၉)
ကရင်ပြည်နယ် ဘားအံမြို့အဝင် သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ်၌ ယနေ့နံနက်ပိုင်းတွင် ခရီးသွားများ၏ လက်ကိုင်ဖုန်းများတောင်းယူကာ အသေးစိတ်စစ်ဆေးမှုများပြုလုပ်နေကြောင်း ခရီးသွားများ၏ ပြောကြားချက်များအရ သိရသည်။
ခရီးသွားပြည်သူများ၏လက်ကိုင်ဖုန်းများကိုတောင်းယူကာ ဖုန်းအဝင်/အထွက် ခေါ်ဆိုထားသည့် မှတ်တမ်းများအား စစ်ဆေးခြင်း၊ Facebook Account အား ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ Messenger နှင့် Viber များတွင် ပြောဆိုထားမှုများကိုလည်း စစ်ဆေးခြင်းများပြုလုပ်နေကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။
“မှတ်ပုံတင်စစ်တယ်။ ဘယ်သွားလဲ၊ ဘာသွားလုပ်မှာလည်း စသည်ဖြင့်ပေါ့လေ မေးမြန်တာတွေလုပ်တယ်။ ဖုန်းကိုတော့ အသေးစစ်ဆေးတာတွေလုပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ကိုင်ဖုန်းအတွင်း Hidden File နှင့် File Manager များအတွင်း သိမ်းဆည်းထားသည့် အချက်အလက်များ၊ ဓါတ်ပုံ နှင့် Video File များကိုလည်း ဝင်ရောက်စစ်ဆေးခြင်းများလုပ်ဆောင်ကြောင်းနှင့် လက်ကိုင်ဖုန်းအတွင်း မသင်္ကာဖွယ်ရာတစ်စုံတစ်ရာတွေ့ရှိပါက ငွေကြေးတောင်းခံခြင်း၊ ဖမ်းဆီးအရေးယူခြင်းများလုပ်ဆောင်နေကြောင်း ခရီးသွားများက ဆိုကြသည်။
ထို့အတွက်ကြောင့် ဘားအံမြို့သို့ အဝေးပြေးခရီးသည်တင်ယာဉ်များဖြင့် လာရောက်ကြမည့် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့၏ လက်ကိုင်ဖုန်းများအား သေချာစိစစ်ပြီးမှသာ ဘားအံမြို့သို့လာရောက်ကြရန် မြို့ခံများကလည်း သတိပေး တိုက်တွန်းပြောကြားထားကြသည်။