ကောင်းဝါ-၂၀၂၃ ဇူလိုင် (၉)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ရှိ ဟောင်သရောခန်းမ နှင့် ကျေးလက်ကျန်းမာရေးဌာနရုံးများမှာ ဇူလိုင်လ (၇) ရက် နံနက်ပိုင်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက် နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ဒုံမြို့အတွင်း ဒရုန်းနှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရပြီး ဗုံးသီးတစ်လုံးမှာ ဟောင်သရောခန်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ခန်းမ၏ အမိုးသွပ်၊ မျက်နှာကျက် နှင့် လေကာမှန်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဗုံးသီးနောက်တစ်လုံးက ကျေးလက်ကျန်းမာရေးဌာနရုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ရုံးအမိုးသွပ်နဲ့ မျက်နှာကျက်တွေပျက်ဆီးခဲ့တယ်လို့ သိရတယ်” ဟု ပြောကြားသည်။
ထိုသို့ Drop Bomb ဖြင့် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်အတွင်း အဆောက်အဦးများထိခိုက် ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းမြို့ခံက ဆိုသည်။
ပြီးခဲ့သည့် မေလ (၂၇) ရက်ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ရှိ ကျေးလက်ကျန်းမာရေးဌာနရုံးမှာ Drop Bonb ချတိုက်ခိုက်ခံရပြီး အဆောက်အအုံ ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့သည့်အပြင် ဆေးဝါးများ၊ ဆေးပစ္စည်းများ နှင့် စာရွက်စာတမ်းများလည်း မီးလောင်ပျက်ဆိးမှုများရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် ပြီးခဲ့သည့် မေလ (၂၃) ရက် မွန်းလွဲ (၃) နာရီအချိန်ခန့်ကလည်း ကျိုက်ဒုံမြို့၊ အဇင်းကျေးရွာရှိ၊ အဇင်းနယ်မြေရဲစခန်းအား လက်နက်ကိုင်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ရဲစခန်းရုံးအဆောက်အဦး နှင့် (၆) ခန်းတွဲ မိသားစုလိုင်းခန်းအဆောက်အဦး မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
