ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈)
မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် နှင့် မြိုင်သာယာရပ်ကွက်များအတွင်း ဇူလိုင် (၇) ရက်နေ့ ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းငါးသောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့မှု ဖြစ်စဉ်မှာ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်နေ အသက် (၃၄) နှစ်အရွယ် ဇေယျာအောင် ဆိုသူ၏ နေအိမ်ကို သက်ဆိုင်ရာမှ မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာတွင် နေအိမ်၏ အိပ်ခန်းခြေရင်းတွင် ချိတ်ဆွဲထားသည့် အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်ရူးသွပ်ဆေးပြား အပြား ၂၀၀ ပါ (၁၀) ထုတ်စီး (၅) စီးစုစုပေါင်း ဆေးပြား (၁၀၀၀၀) ပြားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇေယျာအောင် ၏ ထွက်ဆိုချက်အရ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် နေ အသက် (၅၀) အရွယ် မင်းမြင့်နိုင် ဆိုသူ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ကားဂိုထောင်အတွင်းရှိ ဗီဒိုထဲမှ အဝါရောင် ဆာလာအိပ်ဖြင့် ထည့်ကာ ထုတ်ပိုးထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပါသည့် (၁၀) ထုပ်စီး (၅) စီးပါ အထုပ်စီး (၁၅) ထုတ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀,၀၀၀ ပြား ထပ်မံတွေ့ရှိခဲ့သည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ဇေယျာအောင် နှင့် မင်းမြင့်နိုင် တို့ နှစ်ဦးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း နှင့် ကွင်းဆက်များအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိသည်။