ကောင်းဝါ-၂၀၂၃ ဇူလိုင် ၈
မြန်မာစစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်နေသူများအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာကို ရှုတ်ချကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ဇူလိုင်လ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းကစပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သား ၄၀ ဦးအထိ သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ ၎င်းရဲ့အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိတဲ့ လူဦးရေ ၁၇ ဒဿမ ၆ သန်းကျော်ဟာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂ မဟာမင်းကြီးက ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ အစားအသောက်ကုန်စျေးနှုန်းများ ၁၇၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သူ့အစီရင်ခံစာမှာ ဖော်ပြထားသလို မြန်မာနိုင်ငံ အနှံ့အပြားမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၉,၃၇၇ ဦးကိုလည်း လွှတ်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။