ကောင်းဝါ- ဇူလိုင် ၆၊၂၀၂၃။
သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးခန်းအဖြစ် အသုံးပြုခဲ့သည့် အခန်းမှာ ဇူလိုင်လ (၅) ရက် နံနက်ပိုင်းက ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင်ဇေယျရပ်ကွက် သံဖြူဇရပ်မြို့နယ် ထွေ/အုပ်ရုံးရှေ့ရှိ ဒေါ်မြင့်မြင့်ခိုင် ဆိုသူပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်း သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်း အဖြစ် ငှားရမ်းဖွင့်လှစ်ခဲ့သော အခန်းအား ယမန်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က သက်ဆိုင်ရာက လာရောက်ကာ ချိပ်ပိတ်သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“NLD ပါတီ မြို့နယ်ရုံးခန်းဖွင့်လှစ်ခဲ့တဲ့ အခန်းကိုဘဲ ချိပ်ပိတ်ထားတာ တွေ့ရတယ်။ အခန်းက (၈) ပေပတ်လည်လောက်ရှိမယ်။ အုတ်ခင်း/အုတ်ကာ၊ သွပ်မိုးအဆောက်အဦးလေးပါ” ဟု သံဖြူဇရပ်မြို့ခံတစ်ဦး ကပြောကြားသည်။
အဆိုပါ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့သည့် အခန်းအား အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် သံဖြူဇရပ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါ်မြတ်သီတာထွန်းမှ ငှားရမ်းနေထိုင်အသုံးပြုခဲ့သည့်အတွက် ယာယီချိပ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးရဲတပ်ဖွဲ့ နှင့် နီးစပ်သူများ ထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်း ပြီးခဲ့သည့် (၂၀၂၂) ခုနှစ် ဇူလိုင်လ အတွင်းကလည်း အောင်သာယာရပ်ကွက်မှ နေအိမ်တစ်လုံး၊ ကြံ့ခိုင်ရေးရပ်ကွက်မှ နေအိမ်တစ်လုံးနှင့် ကျုံကဒတ်ကျေးရွာရှိ နေအိမ်တစ်လုံး တို့မှာလည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုကာ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဒေါ်ခင်မျိုးမြင့် ၏ နေအိမ်မှာလည်း အကြမ်းဖက်အဖွဲ့အစည်းများ နှင့် ဆက်စပ်သည်ဟုဆိုကာ သက်ဆိုင်ရာမှ ချိပ်ပိတ်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။
(၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုရှိသည်ဆိုကာမွန်ပြည်နယ်အတွင်းရှိ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများ၏ နေအိမ်၊ ဈေးဆိုင်၊ ဆိုင်ခန်းများ အား ချိပ်ပိတ်သိမ်းဆည်းမှုအများအပြား လုပ်ဆောင်ထားသည်။